မန်ချက်စတာယူနိုက်တက်နည်းပြကြီးအဲရစ်တန်ဟက်က အသင်းအနေနဲ့ ရှုံးနိမ့်မှုတွေကို လောင်စာအဖြစ်အသုံးချကာ လမ်းကြောင်းမှန်ပေါ် ပြန်လည်တက်ရောက်နိုင်ဖို့ ကြိုးစားရမှာဖြစ်ကြောင်း ပြောဆိိုုခဲ့ပါတယ်။ လက်ရှိမှာ ယူနိုက်တက်ရဲ့ ဆိုးရွားနေတဲ့ ရလဒ်တွေကနေ ရုန်းထွက်ချင်ရင် ကစားသမားတွေအနေနဲ့ သူတို့ကိုယ်သူတို့ အတွင်းမီးကို ရှာဖွေရမယ်လို့လည်း ယုံကြည်နေပါတယ်။
ယူနိုက်တက်ဟာ ချန်ပီယံလိဂ်မှာ ၂ပွဲဆက်တိုက်အရေးနိမ့်ခဲ့ပြီး အိမ်ကွင်းနောက်ဆုံး ၄ ပွဲမှာလည်း ၃ ပွဲအထိ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အသင်းရဲ့ ရလဒ်တွေကို စိတ်ပျက်နေပြီး ခံစစ်ပိုင်းနဲ့ ဂိုးသမားအိုနာနာတို့ရဲ့ စွမ်းဆောင်ရည်ကို ပြစ်တင်ဝေဖန်နေကာ အသင်းရဲ့ တော်တော်လေးကို ပျက်စီးယုတ်လျော့နေပြီလို့လည်း ဝေဖန်နေကြပါတယ်။
ဒီရာသီ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၆ ပွဲအထိ အရေးနိမ့်ခဲ့ပြီးနောက် တန်ဟက်ဂျ်က "ဟုတ်ပါတယ်၊ ကျနော်နားလည်ပါတယ်၊ အသင်းဆီကနေ တာဝန်ယူမှုကို ပရိသတ်တွေက မျှော်လင့်နေမှာပါ၊ စွမ်းဆောင်ရည်အတွက်၊ ကျနော့်အသင်းနဲ့ရလဒ်အတွက်ရောပေါ့၊ လက်ရှိမှာ ကျနော်တို့ ရလဒ်တွေဆိုးရွားနေခဲ့ပါတယ်"
"ဒါကြောင့်လည်း စိတ်ပျက်နေကြမှာပါ၊ ကျနော်တို့ ပိုကောင်းအောင် လုပ်ရမှာပါ၊ အသင်းမှာ ကြီးမားတဲ့ စိတ်ဓာတ်ပိုင်းကို ကျနော်တွေ့ခဲ့ပြီး အစကနေ အဆုံးအထိ အသင်းကို အားပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျနော်တွေ့ခဲ့ရပါတယ်၊ အဆုံးမှာ ပရိသတ်တွေက စိတ်ပျက်နေမှာပါပဲ၊ ကျနော်တို့လည်း အရမ်းစိတ်ပျက်ရပါတယ်"
"ဒါပေမယ့်လည်း ဒီအရေးနိမ့်မှုတွေက စွမ်းအင်လောင်စာဖြစ်ရပါမယ်၊ ဒါက အသင်းအတွက် ကောင်းတဲ့အရာပါ၊ ပွဲတိုင်းမှာ သူတို့ စွမ်းအင်တွေရှာဖွေနေတယ်၊ ပွဲစတာနဲ့ပါ၊ အားအင်တွေ အများကြီးနဲ့ ကောင်းမွန်တဲ့တွန်းအားပေးမှုရှိတိဲ့ အသင်းတသင်းအဖြစ် ရှိလာမှာပါ" လို့ တန်ဟက်ဂျ်က ပြောဆိုသွားခဲ့ပါတယ်။