စပါး ဘာလို့မအောင်မြင်တာလဲဆိုတာကို ကွန်တီက ပျစ်ပျစ်နှစ်နှစ်ကို ပြောသွားခဲ့ပါတယ်။

ဆောက်သမ်တန်နဲ့ သရေကျပြီးတဲ့နောက်မှာတော့ စပါးနည်းပြကွန်တီတယောက် တော်တော်လေးပေါက်ကွဲနေခဲ့ပါတယ်။ စပါးဟာ ၃-၁ နဲ့ ပွဲကို ဦးဆောင်နေခဲ့ပေမယ့်လည်း ချေပဂိုးတွေ ဆက်တိုက်ပြန်ပေးခဲ့ရပြီး နောက်ကျပင်နယ်တီဂိုးပေးခဲ့ရလို့ ၃-၃ ဖြစ်သွားကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဘက်တွေကို အမှတ်ဖြတ်နိုင်ရမယ့်အစား အခွင့်အရေးပေးသလို ဖြစ်သွားခဲ့ရပါတယ်။ 

ဒါကြောင့်လည်း ပွဲအပြီးမှာ ကွန်တီက တသင်းလုံးကို အပြစ်တင်သွားခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ရာသီကုန်ရင် အသင်းကနေ ထုတ်ပယ်ခံရမယ်လို့ သတင်းတွေထွက်နေချိန်မှာ ကွန်တီက မထူးဇာတ်ခင်းခဲ့တယ်လို့ ယူဆရပြီး အသင်းနဲ့ ကစားသမားတွေကို လူသိရှင်ကြားပြစ်တင်ဝေဖန်ခဲ့ကာ စပါးက ဘာလို့အောင်မြင်မှုမရတာလဲဆိုတာကိုပါ ထောက်ပြသွားခဲ့ပါတယ်။ 

"သူတို့က အရေးကြီးတဲ့ အရာအတွက် မကစားချင်ဘူး၊ ဖိအားတွေအောက်မှာလည်း မကစားချင်ပြန်ဘူး၊ ဒီတော့ ခပ်လွယ်လွယ်လေးပဲ ကစားနေကြတယ်၊ တော့တင်ဟမ်စပါးရဲ့ ဇာတ်လမ်းက အဲဒီလိုပါ၊ ကျနော်က ပေါက်ကွဲမှုကို မြင်ချင်တယ်လို့ ပြောခဲ့ပေမယ့် အဲဒါကို မမြင်ခဲ့ရဘူး၊ မင်းတို့ရဲ့ မျက်လုံးထဲ၊ နှလုံးသားထဲမှာ မြင်ချင်တယ်လို့လည်း ပြောခဲ့တယ်"

"မှန်ကန်တဲ့ စိတ်ဓာတ်ပိုင်းကို မြင်ချင်တယ်လို့လည်း ပြောခဲ့တယ်၊ လေ့ကျင့်ကွင်းမှာတင်မဟုတ်ဘဲ ကွင်းထဲမှာပါ တွေ့ချင်ခဲ့တာပါ၊ ဘာလို့လဲဆိုတော့ အဲဒါက ကွဲပြားခြားနားမှုကို ဖြစ်စေလို့ပါပဲ၊ ဒီအခြေအနေတွေကို ကျနော်ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အခုဆိုရင် အဲဒီအတိုင်းသွားနေတာ ၁၀ ပွဲလောက်ရှိနေပြီ၊ တချို့ကတော့ ကျနော်တို့ တိုက်ပွဲဝင်နိုင်မယ်လို့ ထင်နေတယ်၊ ဘာအတွက်တိုက်ပွဲဝင်မှာလဲ? ဘယ်လိုစိတ်ဓာတ်နဲ့လဲ၊ ဘယ်လိုမျိုး စိတ်သဘောထားတွေနဲ့လဲ?"

"တကယ်ကို ကျနော် စိတ်မကောင်းဖြစ်ရပြီး လူတိုင်းက ကိုယ့်တာဝန်ကိုယ်ယူရမှာပါ၊ စပါးကို ပြောင်းလဲချင်ရင် အခုအခြေအနေကို ပြောင်းလဲဖို့ အချိန်ကျနေပါပြီ၊ ဒီပြောင်းလဲမှုမှာ အသင်းတင်မဟုတ်ဘူး၊ နည်းပြ၊ ဝန်ထမ်းတွေနဲ့ ကစားသမားတွေပါ ပါဝင်ရမှာပါ၊ ဒါပေမယ့် ဒီပုံစံပဲသွားနေရင်တော့ နည်းပြတွေပြောင်းမယ်၊ အများကြီးရောက်လာလည်း ပြောင်းလဲမှာမဟုတ်ပါဘူး၊ ကျနော်ပြောတာကို ယုံပါ"

"အသင်းက ပိုက်ဆံတွေ အများကြီး ကျနော်တို့ကို ပေးခဲ့တယ်၊ ကစားသမားတွေ ပိုက်ဆံရတယ်၊ ကျနော်လည်းရတယ်၊ ဒါက ဆင်ခြေတွေပေးဖို့မဟုတ်ဘူး၊ ဘာမှမရှိတဲ့ စိတ်ဓာတ်ပိုင်းကို ပြဖို့၊ တာဝန်ယူမှုမရှိတာကို ပြဖို့မဟုတ်ဘူး၊ ကျနော့်အတွက်တော့ အခုပုံစံတွေက လက်ခံနိုင်စရာမရှိဘူး၊ ဒီလိုအခြေအနေမျိုးကို ကျနော့်နည်းပြဘ၀မှာ ပထမဆုံးမြင်ရတာပဲ" လို့ ကွန်တီက သတင်းစာရှင်းလင်းပွဲမှာ ပြင်းပြင်းထန်ထန်ကို ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က