မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့အပေါ် တော်တော်လေးဒေါသထွက်ခဲ့တာပါ။

မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးကိုအရေးနိမ့်အပြီး ယူနိုက်တက်ကစားသမား ၆ ဦးလောက်အထိက အသင်းအတွက် မကစားသင့်တော့ဘူးလို့ ဝေဖန်သုံးသပ်သူရွိုင်ကိန်းက ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဟာ အသင်းဟောင်းရဲ့ အရေးနိမ့်မှုထက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ဓာတ်ပိုင်းအပေါ် ဒေါသထွက်နေခဲ့တာလည်းဖြစ်ပါတယ်။ 

ပြိုင်ဘက်အသင်းကို လက်လျှော့အရှုံးပေးခဲ့တယ်လို့လည်း ရွိုင်ကိန်းက စွပ်စွဲပြောဆိုခဲ့ပြီး ခွင့်လွှတ်လို့မရတဲ့အရာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ ဒီလိုအရှုံးပေးခဲ့ရတာက ရလဒ်ရှုံးခဲ့ရတာထက် ပိုရှက်ဖို့ကောင်းတယ်လို့လည်း အိုင်ယာလန်သားကြီးကပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ မြို့ခံပြိုင်ဘက်ကို ၄-၁ နဲ့ အရှက်ရဖွယ်အရေးနိမ့်ခဲ့တာဖြစ်ပြီး ပွဲချိန်နောက်ဆုံးမိနစ်တွေမှာဆိုရင် ဘောလုံးတောင်မထိခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ 

ရွိုင်ကိန်းက "ယူနိုက်တက်နဲ့ ပတ်သက်တဲ့ အဆိုးရွားဆုံးအချက်ကတော့ သူတို့ အရှုံးပေးလိုက်တာပါပဲ၊ ဒါက ခွင့်လွှတ်လို့မရပါဘူး၊ ယူနိုက်တက်ရဲ့ ချို့ယွင်းချက် အားလုံးကို ဒီနေ့မှာ ကျနော်တို့ တွေ့ခဲ့ရပါတယ်။ ဘယ်သူမဆို ဘောလုံးပွဲတွေ ရှုံးနိုင်ပေမယ့် သူတို့ ဒီလိုမျိုး အရှုံးပေးတာ၊ မန်ချက်စတာယူနိုက်တက် ကစားသမားဖြစ်ပြီး ကစားနေတဲ့အချိန်မှာ နောက်ပြန်မပြေးတာမျိုးက လက်မခံနိုင်စရာ ကိစ္စပါ။ သူတို့က ပွဲမပြီးသေးဘူး လက်မြှောက်အရှုံးပေးခဲ့တာ။


"ဒါက ရှက်စရာကောင်းလွန်းပါတယ်။ သူတို့က အခြားအသင်းတွေရဲ့ နောက် တော်တော်ဝေးဝေးမှာ ကျန်ခဲ့ပါပြီ။ တချို့ကိစ္စတွေမှာဆိုရင် ကိုယ့်ရဲ့ မာနကိုတောင် ထိပါးနေပါပြီ။ ပွဲကိုကြည့်ရတာကလည်း စိတ်ပျက်စရာကောင်းလွန်းခဲ့ပါတယ်။ လူတိုင်းက အမှားလုပ်နိုင်ပါတယ်၊ အမှားတွေကိုလည်း ခွင့်လွှတ်နိုင်ပါတယ်၊ ဒါပေမဲ့ အနောက်ကို ပြန်မပြေးတာမျိုးကတော့ ခွင့်မလွှတ်နိုင်စရာပါ"


"ကစားသမား ငါးယောက်၊ ခြောက်ယောက်လောက်က မန်ချက်စတာယူနိုက်တက်မှာ ထပ်ကစားဖို့တောင် မသင့်တော့ဘူး၊ ရှက်စရာကြီးဗျာ၊ ကွင်းလယ်က ကစားသမားအချို့ရယ်၊ ဝမ်ဘစ်ဆာကာ၊ ဖရက်ဒ်၊ ပြီးတော့ ရက်ရှ်ဖို့ဒ်တို့ ဝင်ကစားခဲ့တာပဲ၊  ကျနော်ဆိုရင် ဆက်ကြိုးစားမှာ။ မန်စီးတီးကလည်း သူတို့ရဲ့ အကောင်းဆုံးပုံစံ မဟုတ်ခဲ့ဘူး။ ယူနိုက်တက်က လက်လျှော့အရှုံးပေးခဲ့တယ်။ ရှက်စရာကောင်းလိုက်တာဗျာ" လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 


ယူနိုက်တက်နဲ့ပွဲမှာတော့ မန်စီးတီးဂိုးသမားအီဒါဆန်က ကွင်းလယ်စက်ဝိုင်းထိတက်ကာ ငုတ်တုပ်ထိုင်ကြည့်နေခဲ့တဲ့အထိ ဖြစ်ခဲ့ရတာပါ။ ၁-၁ ဆိုတဲ့ အနေအထားအထိ လိုက်ကစားနိုင်ခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ မန်စီးတီးက တပွဲလုံးကို လွှမ်းမိုးထားခဲ့ပြီး နောက်ဆုံးအချိန်ထိ ဂိုးတွေသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က