ဂရီလစ်ရှ်၊ မာရက်ဇ်၊ ဝေါ်လ်ကာတို့ ညဘက်အပြင်ထွက်လည်တဲ့ဗီဒီယိုတွေအပေါ် ဂွါဒီယိုလာက ပြောကြားခဲ့တာပါ။

မန်စီးတီး ကွင်းလယ်တိုက်စစ်ကစားသမား ဂရီလစ်ရှ်ဟာ အသင်းဖော်တွေနဲ့ ညဘက်အပြင်ထွက်လည်ပတ်ရင်း အမူးလွန်နေတာကြောင့် ဘားအပြင်ကို ဆွဲထုတ်ခံခဲ့ရတယ်လို့ ရုပ်သံမှတ်တမ်းတွေနဲ့တကွ အမိအရဖော်ပြခံခဲ့ရပါတယ်။ ပျံ့နှံ့နေတဲ့ ဗီဒီယိုထဲမှာ ဂရီလစ်ရှ်ကို လူနှစ်ယောက်က ဘေးကနေ ထိန်းသိမ်းဆွဲခေါ်ခဲ့ရတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။



သူ့ကို ဦးဆောင်ဆွဲခေါ်လာတဲ့ လူပုဂ္ဂိုလ်ကတော့ မန်စီးတီးရဲ့ ကစားသမားဆက်ဆံရေးဆိုင်ရာ အရာရှိတယောက်ဖြစ်တယ်လို့လည်း The Sun က ဖော်ပြထားပါတယ်။ အသက် (၂၆) နှစ်အရွယ် ဂရီလစ်ရှ်နဲ့အတူ ညဘက်အပြင်ထွက်လည်ခဲ့တဲ့ ကစားသမားကတော့ မာရက်ဇ်နဲ့ ဝေါ်လ်ကာတို့ဖြစ်ပြီး ဂရီလစ်ရှ်ဟာ ခေါင်းစွပ်ပါအဖြူရောင် အနွေးထည်နဲ့ ဂျင်းဘောင်းဘီကို ဝတ်ဆင်ကာ အပြင်ထွက်ကဲခဲ့တာဖြစ်ပါတယ်။

ဂရီလစ်ရှ်ကို ဂျာမန်ရိုးရာဘားတခုရဲ့အပြင်ဘက်ကို အသင်းရဲ့အရာရှိတယောက်က ထိန်းကျောင်းခေါ်ဆောင်လာတာကို ပရိသတ်တွေကလည်း ရယ်မောမှတ်ချက်ပြုခဲ့ပြီး “ဂရီလစ်ရှ်တော့ ကောင်းနေပြီဟေ့” လို့ ပြောဆိုနေခဲ့ကြပါတယ်။

ဒီအပေါ်မှာတော့ နည်းပြ ဂွါဒီယိုလာက “ဘာတွေဖြစ်ခဲ့လဲဆိုတာကို ဒီဗီဒီယိုမှာ သေချာမမြင်ရပါဘူး။ ကျနော် အရမ်းစိတ်ပျက်မိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ကျနော့်ကိုကျ မခေါ်လို့ပါ။ နောက်တခါတော့ ခေါ်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဂရီလစ်ရှ်ဟာ အရင်ကလည်း အသင်းဖော် ဖိုဒန်နဲ့အတူ အခုလိုပဲ နိုက်ကလပ်တက် ပျော်ပါးခဲ့ဖူးပါတယ်။ ဒီကစားသမားနှစ်ယောက်က ပွဲကျပ်ကာလမှာ ဒီလိုမျိုးပျော်ပါးခဲ့တာကြောင့် နည်းပြ ဂွါဒီယိုလာရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ခဲ့ရပြီး ဂွါဒီယိုလာက နှစ်ယောက်လုံးကို လူစာရင်းကနေ ချန်လှပ်ခဲ့တာတွေရှိပါတယ်။ 

Share

က္က