ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို အသင်းဟောင်းအာဆင်နယ်က ရယူသွားနိုင်လိမ့်မယ်လို့ ရော်ဘင်ဗန်ပါစီက ပြောဆိုလိုက်ပါတယ်။ မန်စီးတီးနဲ့ အပြိုင်အဆိုင်ဖြစ်နေကာ လက်ရှိမှာ ရမှတ်ပိုင်းအသာရထားတဲ့ အာဆင်နယ်က အခွင့်အရေးကောင်းတွေပိုင်ဆိုင်နေပြီး ဒီဘောလုံးရာသီနောက်ဆုံးပိုင်းကာလကို ရောက်လာပြီဖြစ်လို့ အရေးကြီးတဲ့အချိန်အခါလည်း ဖြစ်ပါတယ်။
အာဆင်နယ်ကတော့ အမှတ်ပေးဖလားကို ၂၀၀၄ ခုနှစ်က နောက်ဆုံးရရှိခဲ့တာဖြစ်ပြီး ဝေးကွာနေတာ ၁၈ နှစ်ရှိနေခဲ့ပြီဖြစ်ပါတယ်။ လက်ကျန်ပွဲတွေထဲမှာ ဖလားလုဘက်မန်စီးတီးနဲ့ အီတီဟတ်မှာ ကစားရဖို့ရှိနေပေမယ့် ဗန်ပါစီကတော့ သူ့အသင်းဟောင်းသာ ဆုဖလားကို ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
"ဒီအချိန်က ရမှတ်တိုင်းက အရေးကြီးနေပြီး မရရအောင်ယူရမယ့် ကာလကိုရောက်လာပါပြီ၊ အာဆင်နယ်မှာ ခက်ခက်ခဲခဲကစားရမယ့် ပွဲတချို့ရှိခဲ့ပြီး အဲဒီပွဲတွေကနေ သူတို့ ၃ မှတ်အပြည့်ရခဲ့ပါတယ်၊ ဒါကြောင့် သူတို့က ချန်ပီယံအသင်းတသင်းအနေအထားဖြစ်နေပါပြီ၊ ဒါကိုလည်း သူတို့ သက်သေပြပြီးသားပါ၊ ဒါပေမယ့် ရာသီနောက်ဆုံးကာလက အမြဲတမ်းခက်ခဲနေတာဖြစ်လို့ စိတ်ဝင်စားဖို့ အရမ်းကောင်းပါလိမ့်မယ်"
"ကျနော့်အမြင်အရတော့ သူတို့တွေ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ပါလိမ့်မယ်၊ သူတို့လိဂ်ကို အနိုင်ရလိမ့်မယ်လို့ ကျနော်ခံစားနေရတယ်၊ အမှတ်ပေးဖလားကို သူတို့မရတာ အချိန်တော်တော်ကြာနေပြီဖြစ်လို့ အဲဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် ကျနော်ပျော်ရွှင်မိမှာပါ" လို့ ဗန်ပါစီက ပြောဆိုခဲ့ပါတယ်။
ဗန်ပါစီကတော့ အာဆင်နယ်မှာ ၈ နှစ်ကြာကစားခဲ့ပြီး အသင်းနဲ့အတူ အမှတ်ပေးဖလားမရယူနိုင်ခဲ့ဘဲ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ချိန်မှသာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ကတော့ လာမယ့် စနေနေ့မှာ လိဒ်ယူနိုက်တက်၊ မန်စီးတီး၊ လီဗာပူးလ်တို့နဲ့ ကစားသွားရမှာဖြစ်ပါတယ်။