ယူနိုက်တက်ကတော့ အခုချိန်ထိ လူသစ်ကို မခေါ်ယူနိုင်သေးပါဘူး။

ပီအက်စ်ဂျီအသင်းဟာ ယူနိုက်တက်က အခုမှပစ်မှတ်ထားရုံပဲရှိသေးတဲ့ ပေါ်တိုကွင်းလယ်လူ ဗီတင်ဟာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိသွားခဲ့ပါပြီ။ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့တာဖြစ်ပြီး ကလပ်အသင်းန​ဲ့ ကစားသမားကြားမှာ အဆင်ပြေချောမွေ့ခဲ့ကာ ပေါ်တိုကို ကမ်းလှမ်းမှုပြုလုပ်ဖို့ပဲ ကျန်ရှိတော့တာဖြစ်ပါတယ်။ 

ဒီပေါ်တူဂီကစားသမားက လက်ရှိမှာရော၊ အနာဂတ်မှာပါ ထိပ်တန်းကစားသမားတဦးဖြစ်လာမယ်လို့ ပြင်သစ်ကလပ်ဘက်က ရှုမြင်ထားတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်ကတော့ လူသစ်မခေါ်ယူနိုင်သေးတဲ့အပြင် ခေါ်ယူချင်တဲ့သူတွေကလည်း ငြင်းဆန်နေခဲ့လို့ ဗီတင်ဟာကို ထပ်မံပြီးချိန်ရွယ်ဖို့လုပ်နေတုန်းမှာပဲ ပီအက်စ်ဂျီရဲ့ လက်ဦးမှုကို ခံလိုက်ရတာဖြစ်ပါတယ်။ 

အသက် ၂၂ နှစ်အရွယ် ကစားသမားအတွက် ယူနိုက်တက်က စကားပြောဆိုမှုအနည်းငယ်သာ ပြုလုပ်ရသေးပြီး ခြေလှမ်းတောင်ထပ်မလှမ်းနိုင်တော့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဗီတင်ဟာက ပေါ်တိုအတွက် ၄၇ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ၄ ဂိုးသွင်းကာ ၅ ကြိမ်ဖန်တီးပေးခဲ့ပြီး လာမယ့် ကာတာကမ္ဘာ့ဖလားပွဲအတွက်တောင်မှ ခေါ်ယူခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ 

အာဆင်နယ်ကိုရောက်ရှိသွားခဲ့တဲ့ အသင်းဖော်ဟောင်းဗီအဲရာနဲ့အတူ ပေါ်တိုကွင်းလယ်ကို ထိန်းကျောင်းပေးခဲ့သူဖြစ်ပြီး အသင်းကြီးတွေရဲ့ မျက်စိကျမှုကို မြန်မြန်ဆန်ဆန်ပဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ အန်ဒါဟာရဲရားကို ထွက်ခွာခွင့်ပြုထားပြီး ဝိုင်နယ်ဒမ်ကလည်း ထပ်မံထွက်ခွာဖွယ်ရှိနေလို့ ကွင်းလယ်ပိုင်းအတွက် ဗီတင်ဟာနဲ့ အားဖြည့်မှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က