အာဆင်နယ်ပရိသတ်တွေဟာ မနေ့ညက ဘုန်းမောက်ကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့ပွဲချိန်အတွင်း ဘုန်းမောက်ပရိသတ်တွေကို လှောင်ပြောင်အော်ဟစ်ခဲ့ပါတယ်။ အာဆင်နယ်က ဒီပွဲမှာ အသင်းခေါင်းဆောင် အိုဒီဂတ်၊ နောက်ခံလူ ဆာလီဘာတို့ရဲ့ဂိုးတွေနဲ့အတူ အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။
ဘုန်းမောက်အတွက်ကတော့ ရာသီအဖွင့်ပွဲမှာ အက်စတွန်ဗီလာကို အနိုင်ရရှိခဲ့ပေမယ့် မန်စီးတီး၊ အာဆင်နယ်တို့လို အသင်းကြီးနှစ်သင်းကို နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ရတာပါ။ ဒီပွဲမှာ အဝေးကွင်းကို လာရောက်အားပေးတဲ့ အာဆင်နယ်ပရိသတ်တွေက အသင်းအနိုင်ရရှိနေချိန်မှာ ဘုန်းမောက်ကို လှောင်ပြောင်ရင်း မဟာပြိုင်ဘက် ယူနိုက်တက်ကိုပါ ထိုးနှက်သွားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ပရိသတ်တွေက “မင်းတို့တော့ ယူနိုက်တက်နဲ့အတူတူ တန်းဆင်းရတော့မယ်” လို့ ဘုန်းမောက်ပရိသတ်တွေဆီကို သံပြိုင်အော်ဟစ်နေခဲ့ကြတာလည်းဖြစ်ပါတယ်။ ဘုန်းမောက်ဟာ လက်ရှိဘောလုံးရာသီမှ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့အသင်းတသင်းဖြစ်ပေမယ့် ရာသီကုန်မှာ တန်းပြန်ဆင်းသွားနိုင်တဲ့အသင်းတွေထဲက တသင်းအဖြစ် ထင်ကြေးပေးခံထားရတာပါ။
ယူနိုက်တက်ကလည်း ပွဲစဥ် (၂) အထိ ကစားပြီးချိန်မှာ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့ကို အိမ်ကွင်း၊ အဝေးကွင်းမရွေး ရှုံးနိမ့်ခဲ့ပြီး တမှတ်မှမရရှိသေးပါဘူး။ ပြီးခဲ့တဲ့အပတ်က ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ လေးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်တို့ အမှတ်ပေးဇယားရဲ့ အဆင့် (၂၀) နေရာ အောက်ဆုံးအထိကို ရောက်ရှိပြီး ရုန်းကန်နေရပါတယ်။
အဲ့ဒါကြောင့်လည်း အာဆင်နယ်ပရိသတ်တွေက ယူနိုက်တက်ကိုပါ ရောနှောပြီး ဘုန်းမောက်ကို လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ရာသီအဖွင့် (၃) ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပေမယ့် ဒီရာသီမှာတော့ ရာသီအဖွင့် (၃) ပွဲလုံးကို ဂိုးပြတ်တွေနဲ့ချည်း အနိုင်ယူကာ ဒီကနေ့ည မန်စီးတီးပွဲမကစားခင်မှာ အမှတ်ပေးဇယားရဲ့ အဆင့် (၁) နေရာကို ယာယီတက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။