ယူနိုက်တက်ပရိသတ်တွေဟာ ဘိုင်ယန်မြူးနစ်ကို ၄-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာ ပေးလိုက်ရတဲ့ ပင်နယ်တီအတွက် ဒေါသပေါက်ကွဲနေကြပါတယ်။ ဒီပွဲရဲ့ ဒုတိယပိုင်းမှာ အဲရစ်ဆင်ရဲ့ လက်ထိဘောကတစ်ဆင့် ယူနိုက်တက်တို့ ပင်နယ်တီပေးခဲ့ရပါတယ်။
ဒီဖြစ်ရပ်မှာ ယူပါမီကာနိုရဲ့ ခေါင်းတိုက်ချက်က အဲရစ်ဆင်ရဲ့ လက်နဲ့ ထိခဲ့ပြီး ကွင်းလယ်ဒိုင်က VAR ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ ပင်နယ်တီပေးခဲ့တာဖြစ်ပါတယ်။ ဒါဟာ မတော်တဆဖြစ်ရပ်တစ်ခုဖြစ်ပြီး အဲရစ်ဆင်ကလည်း လက်ကို အချိန်မီရုတ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့်လည်း လက်ကို ရုတ်နေချိန်မှာပဲ ပခုံးနဲ့ ထိသွားခဲ့တာကြောင့် ယူနိုက်တက်တို့ ပင်နယ်တီပေးခဲ့ရပြီး ဒီပင်နယ်တီကို ဟယ်ရီကိန်းက ကန်သွင်းယူခဲ့ပါတယ်။ အခုလိုမျိုး ပင်နယ်တီပေးခဲ့ရတဲ့အပေါ်မှာ ယူနိုက်တက်ပရိသတ်တွေက ဒေါသဖြစ်နေပြီး ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ယူနိုက်တက်ပရိသတ်တွေက “ပင်နယ်တီပေးလိုက်တာကို ယုံတောင် မယုံနိုင်ဘူး၊ ငါတို့ တကယ်ပဲ ကျိန်စာမိနေတာလား” “ပင်နယ်တီကို ဘာကြောင့် ပေးခဲ့လဲ နားကို မလည်နိုင်ပါဘူး” လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ အချို့ ပရိသတ်တွေကလည်း စပါးကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဂါနာချိုရဲ့ ကန်ချက်က ဒီလိုမျိုး လက်နဲ့ထိခဲ့ပေမယ့် ပင်နယ်တီမရခဲ့တာကို ပြန်လည် ထောက်ပြခဲ့ကြပါသေးတယ်။
ယူနိုက်တက်အတွက်ကတော့ ဒီပွဲက ပြိုင်ပွဲစုံ (၃) ပွဲဆက် အရှုံးဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ လွတ်မြောက်ချင်တယ်ဆိုရင်တော့ ကျန်နှစ်သင်းနဲ့ ကစားရမယ့်ပွဲတွေမှာ ယူနိုက်တက်တို့ အမှားအယွင်း လုပ်ခွင့် မရှိတော့ပါဘူး။