ဒေသအစားအစာလေးတွေကို အလွမ်းပြေစေဖို့ အိမ်မှာ ချက်ပြုတ်ရာကနေ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းငယ်လေးတစ်ခု ဖြစ်လာတဲ့အထိ ကြိုးစားခဲ့သူကတော့ မနန်းအွမ်တစ်ဖြစ်ပါတယ်။ သူဟာ ကျိုင်းတုံဇာတိဖြစ်တာကြောင့် ရန်ကုန်မှာနေထိုင်ရင်း ဒေသအစားအစာလေးတွေကို အိမ်မှာလုပ်စားရင်းနဲ့ ကိုယ်ပိုင်စားသောက်ဆိုင်ငယ်လေးတစ်ခုဖြစ်လာခဲ့သလို ဟင်းချက်နည်းတွေကိုလည်း အွန်လိုင်းကတဆင့်သင်ကြားပို့ချသူတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေပါတယ်။
ဆိုင်လေးရဲ့အစ အလွမ်းပြေဒေသစာလေးတွေလုပ်စားတာက
မနန်းအွမ်တစ်ကတော သူ့ရဲ့ ဒေသအစားအစာဆိုင်လေးကို မြောက်ဒဂုံမြို့နယ်မှာဖွင့်လှစ်ထားပြီး ကျိုင်းတုံဒေသစာ ထိုဖူးလေးတွေကို အဓိကရောင်းချတဲ့ ဆိုင်လေးပါ။ ဒီဆိုင်လေးကို စတင်ခဲ့တဲ့ နန်းအွမ်တစ်ဟာ မိရိုးဖလာလက်ဆင့်ကမ်းနည်းလမ်းတွေအတိုင်း ချက်ပြုတ်ထားတဲ့ မြေပဲထိုဖူး အပါအ၀င်ကျိုင်းတုံဒေသစာလေးတွေကို ၂၀၁၇ခုနှစ်မှာ အွန်လိုင်းကနေစတင်ရောင်းချခဲ့ပြီး လက်ရှိမှာတော့ အိမ်ဆိုင်လေးဖွင့်လှစ်ရောင်းချနေသူပါ။ ကလေးပညာရေးအတွက် ရန်ကုန်မှာပြောင်းရွေ့နေထိုင်သူမို့ ကျိုင်းတုံအစားစာလေးတွေသတိရတဲ့အခါ မိသားစု၀င်တွေကိုအိမ်မှာလုပ် ကြွေးရင်းဒီဆိုင်လေး အစပြုခဲ့တာဖြစ်ပါတယ်။
“ရန်ကုန်ရောက်တာတော့(၁၀)နှစ်လောက်ရှိပြီ။ ကလေးပညာရေးအတွက်လာနေတာပေါ့။ ရန်ကုန်ရောက်တော့ ကိုယ့်ဒေသစာလေးတွေစားချင်တော့ လိုက်စားကြည့်ပေမယ့် သိပ်အဆင်မပြေတော့ စားချင်တာလေးတွေရှိရင် အိမ်မှာပဲလုပ်စားဖြစ်တယ်။ သားကလည်းအပြင်စာမစားတတ်တော့ သားအတွက်လုပ်ရင်း ကိုယ်လုပ်ထားတာ လေးတွေ မိတ်ဆွေတွေကိုလည်းကြွေးဖြစ်တယ်။အဲဒီကနေမှ အွန်လိုင်းကနေ ကျိုင်းတုံဒေသစာလေးတွေ ရောင်းဖြစ်တာပါ။ အဓိကကတော့ဒီမှာရောင်းတာရှားတဲ့ မြေပဲထိုဖူးအပါအ၀င် ထိုဖူးလေးတွေရောင်းတယ်။ ကိုယ်တိုင်ကလည်း စျေးရောင်းရတာသဘောကျတဲ့သူဆိုတော့ နောက်ပိုင်းအိမ်မှာပဲဆိုင်လေးဖွင့်ပြီး အိမ်ဆိုင်လေးလို့နာမည်လေးပေးပြီး အခုလိုဒေသစာလေးတွေရောင်းတာပါ ”လို့ နန်းအွမ်တစ်ကပြောပါတယ်။
မီးဖိုဆောင်ထဲစခဲ့တဲ့လုပ်ငန်းလေးက တစ်လ၀င်ငွေသိန်း(၄၀)အထိရရှိ
ဒီလိုကျိုင်းတုံဒေသစာလေးတွေကို ဆိုင်ဖွင့်ရောင်းချသလို ဒေသစာလေးတွေကို စိတ်၀င်စားပြီး သင်ယူချင်တဲ့ သူတွေအတွက်လည်း ချက်ပြုတ်နည်းလမ်းတွေကို အွန်လိုင်းသင်တန်းလေးဖွင့်လှစ်ပြီး သင်ပေးတယ်လို့ နန်းအွမ်တစ်ကပြောပါတယ်။ အိမ်ရှင်မတစ်ဦးတတ်ကျွမ်းတဲ့ မီးဖိုဆောင်ထဲကအတတ်ပညာနဲ့စခဲ့တဲ့ အိမ်တွင်းမှု လုပ်ငန်းလေးဟာလက်ရှိမှာတော့ တစ်လကို ဝင်ငွေ သိန်း (၄၀) လောက်ရရှိတဲ့ အိမ်တွင်းစီးပွားရေးလုပ်ငန်းလေး ဖြစ်လာပါတယ်။
“ကျိုင်းတုံသူဆိုတော့ကိုယ့်ဒေသစာလေးတွေတော့ကောင်းကောင်းလုပ်တတ်နေတာပေါ့။ အခုရောင်းတဲ့ အမယ်လေးတွေက ငယ်ငယ်ထဲကအဖွားတို့အမေတို့ကအိမ်မှာလုပ်တာမြင်တွေ့နေရတာဆိုတော့ ဒါကကိုယ် နဲ့ရင်းနှီးနေတဲ့အစားစာလေးတွေ မီးဖိုချောင်ထဲမှာရှိနေတဲ့ပစ္စည်းလေးတွေနဲ့ပဲ အရသာရှိအောင်ချက်ပြုတ်ပြီး အိမ်မှာစားတဲ့အတိုင်းလေးရောင်းတာပါ။ တချို့ကြတော့ ဒီလိုထိုဖူးလုပ်တာလေးတွေ ဆိုင်မှာရောင်းတဲ့အမယ် လေးတွေကို သင်ချင်ကြတော့ အဲ့အတွက်လဲသင်တန်းလေးဖွင့်ဖြစ်တာပါ။သင်တန်းကတော့အွန်လိုင်းကရော အပြင်မှာလက်တွေ့ရောသင်တယ်။ဆိုင်မှာစျေးရောင်းတဲ့၀င်ငွေရော သင်တန်းက၀င်ငွေရောပေါင်းရင် တစ်လကိုသိန်း (၄၀) နဲ့ (၅၀) ကြားထဲ၀င်ပါတယ်။’လို့ နန်းအွမ်တစ်ကပြောပါတယ်။
အိမ်လက်ရာစစ်စစ်ဒေသစာအရသာကိုခံစားမိစေမယ့်ဆိုင်လေး
ဆိုင်မှာရောင်းချတဲ့အချိုပွဲတွေကိုတော့ ထိုင်းနိုင်ငံမှာသင်ယူခဲ့တာာပါ။ ဆိုင်မှာရောင်းချတဲ့အမယ်တွေအတွက် ပါ၀င်ပစ္စည်းတွေအားလုံးနီးပါးကို ကျိုင်းတုံ ကနေမှာယူအသုံးပြုတာဖြစ်ပါတယ်။ထိုဖူးပြုလုပ်ရာမှာဆိုးဆေး၊ တာရှည်ခံဆေးတွေမပါ၀င်ပဲ သဘာ၀အရောင်အနံ့အရသာအတိုင်း တစ်နေ့စာအတွက်သာပြုလုပ်ပြီး အိမ်မှာမိသားစုကို ချက်ပြုတ်ကြွေးမွေးသလို စေတနာထား ရောင်းချတယ်လို့ နန်းအွမ်တစ်ကပြောပါတယ်။ ဒီလိုအရသာကောင်းမွန်ပြည့်စုံတဲ့စားဖွယ်စုံတွေဖြစ်ဖို့ ထိုဖူးအတွက်မြေပဲကြိတ်တာ၊ ကြိုတာအဆင့်အားလုံးကို အိမ်မှာပဲလုပ်ဆောင်တာဖြစ်ပါတယ်။ ဆိမ့်ဆိမ့်မွှေးမွှေးလေးနဲ့အရသာရှိတဲ့ထိုဖူးဖြစ်လာဖို့အတွက် ပဲ၊ဆန်ကြိတ်တာကနေကြိုပြီးအအေးခံတဲ့အထိအဆင့်အားလုံးအတွက်အချိန်၅နာရီခန့်ပေးပြီးပြင်ဆင်လုပ်ကိုင်ရတာဖြစ်ပါတယ်။
“အချိုပွဲလေးတွေကတော့ ယိုးဒယားအချိုပွဲလေးတွေပါ။ အချိုပွဲတွေက ချိုချိုအီအီကြီးဖြစ်မယ်ထင်ကြပေမယ့် တကယ်စားလိုက်တဲ့အချိန်မှာ အဲ့လိုမဟုတ်ပဲ အချိုက ပါးစပ်ထဲမှာ စွဲမနေပဲ အုန်းနို့နံ့သင်းသင်းလေးနဲ့ချိုဆိမ့်ဆိမ့်အရသာမျိုးလေးမို့ တစ်ခါစားဖူးတဲ့သူတိုင်းကြိုက်ကြတယ်။ ပဲဝါအုန်းနို့စမ်းဆိုပဲရဲ့အဆိမ့်အရသာလေးပါပါတော့တော်တော်စားကောင်းပြီးကြိုက်ကြတယ်။ဆိုင်မှာရောင်းတဲ့စားဖွယ်တွေရဲ့ပါ၀င်ပစ္စည်းတွေအားလုံးကို ရှမ်းပြည်၊အဓိကကတော့ ကျိုင်းတုံကနေမှာတာပါ။ အမေကလည်းလိုတဲ့ပစ္စည်းတွေအားလုံးကိုပို့ပေးတယ်။”လို့ နန်းအွမ်တစ်ကဆိုပါတယ်။
ဆိုင်မှာရနိုင်တဲ့ဒေသစာလေးတွေက
အိမ်ဆိုင်လေးမှာတော့ ကျိုင်းတုံဒေသရှမ်းရိုးရာအစားစာတွေဖြစ်တဲ့ မြေပဲထိုဖူး၊ဆန်ထိုဖူး(အရည်၊အတို့) ထိုဖူးဝါအသုပ် ၊ချဥ်ငံစပ်၊မုန့်တီကြော်၊သာခွေယိုင်၊ထိုဖူးနှောင်း၊ပဲဝါအုန်းနို့စမ်း၊ဘာလီစေ့အုန်းနို့စမ်း၊ အုန်းနို့ကျောက်ကျော၊ရသာစုံပဲနို့ရည်တို့ရရှိနိုင်ပါတယ်။စျေးနှုန်းလေးတွေကတော့ တစ်ပွဲကို ၃,၀၀၀ကျပ်ပါ။ ဒီဆိုင်လေးမှာ မြေပဲထိုဖူးက လူကြိုက်အများဆုံးဖြစ်ပါတယ်။မြေပဲနဲ့ဆန်ကို အချိုးအစားမှန်မှန်နဲ့ အချိန်ပေးပြီးသေချာကြိုထားတဲ့ မြေပဲထိုဖူးဆိမ့်ဆိမ့်လေးက တစ်ခါစားပြီးရင် ဒီဆိုင်လေးမှာထပ်ခါလာ စားချင်တဲ့လက်ရာပါ။အချိုပွဲတွေထဲမှာလည်း ပဲတီစိမ်း(ဒေသအခေါ်ပဲဝါ)ကို သေချာကြိုထားပြီး အုန်းနို့လေးစမ်းထားတဲ့ ပဲဝါအုန်းနို့စမ်းကတော့ စားသုံးသူတွေအတွက် ဆန်းသစ်တဲ့အရသာ ဖြစ်စေမှာပါ။ ပဲနဲ့အုန်းနို့ကိုပေါင်းစပ်ထားတဲ့ ချိုဆိမ့်ဆိမ့်အရသာက စားပြီးချိန်မှာ ချိုအီအီကြီးဖြစ်မနေပဲ ရိုးရှင်းတဲ့အချို အရသာရဲ့လက်ဆက်မှုကိုခံစားရစေပါတယ်။
အိမ်ဆိုင်လေးရဲ့လိပ်စာ
ဆိုင်လိပ်စာကတော့ မြောက်ဒဂုံမြို့နယ် ဦးဝိစာရလမ်းမကြီးအတိုင်း၀င်လာပြီး ဦးလှဖေလမ်းထဲကို၀င်လိုက်ရင် နှစ်လမ်းမြောက်မှာတွေ့တဲ့ ယမနေလမ်းထဲမှာ Home Taste 34 လို့ရေးထားတဲ့ အိမ်ဆိုင်လေးကိုတွေ့မှာပါ။ ဆိုင်ဖွင့်ရက်လေးတွေကတော့ စနေ၊တနင်္ဂနွေ၊ဗုဒ္ဓဟူး၊ကြာသာပတေးဖြစ်ပြီး နေ့လည်၁နာရီကနေ ညနေ၄နာရီခွဲအထိဆိုင်ဖွင့်ပါတယ်။ ဝါတွင်းကာလမှာ သက်သက်လွတ်စားသုံးသူတွေနဲ့ ကျိုင်းတုံဒေသစာလေးတွေကို နှစ်သက်သူတွေအကြိုက်တွေ့စေမယ့်ဆိုင်လေးမို့ညွှန်းဆိုပေးလိုက်ပါတယ်။