ကျန်းမာရေး ကောင်းပါတယ်တဲ့။

ဖြိုးပြည့်စုံကတော့ မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် အောက်တိုဘာလ ၉ ရက်နေ့ ညနေပိုင်းမှာပဲ ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ။ သူ့ကိုတော့ အောက်တိုဘာလ ၇ ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ မြန်မာပလာဇာအရှေ့က ကော်ဖီဆိုင်မှာ ဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်။

Photo: Aung Khant linn



အောက်တိုဘာလ ၇ ရက်နေ့က မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အဆိုတော်ဖြိုးပြည့်စုံနဲ့ သူငယ်ချင်း နှစ်ဦးတို့ဟာ အောက်တိုဘာလ ၉ ရက်နေ့ ညနေပိုင်းမှာ ဗဟန်းရဲစခန်းကနေ ပြန်လည် လွတ်မြောက်လာခဲ့ပြီလို့ သိရပါတယ်။ သူပြန်လွတ်လာမှာကို စောင့်နေတဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ တေးရေးဝေကြီးကလည်း အရမ်းကိုပျော်နေတယ်လို့ Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ကျွန်တော်က အစကတည်းက ၁၀၀ ရာခိုင်နှုန်း ယုံကြည်ပြီးသားဆိုတော့ ဟိုဘက်ကလည်း တာဝန်အရလုပ်တယ်ဆိုရင် တာဝန်အရလုပ်တဲ့အချိန်ကို မကြာစေချင်တာလေ။ အခုလို မကြာဘူးဆိုတော့ အရမ်းပျော်တယ်။ အခုလည်း ဖြိုးပြည့်စုံကို တွေ့ဖို့ သွားနေပါတယ်။ သူအမှုရင်ဆိုင်နေရတဲ့အချိန်မှာလည်း ကျွန်တော် တတ်နိုင်သလောက် ဘာတွေလုပ်ပေးရမလဲပေါ့။ ကိုယ်နဲ့ အသိအကျွမ်းရှိတဲ့သူတွေနဲ့လည်း ခေါင်းချင်းဆိုင်ပြီးမေးမြန်းတယ်။ လူကြီးတွေနဲ့တော့ တွေ့ပေးဖြစ်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Phyo Pyae Sone

အဲဒီနောက် ဖြိုးပြည့်စုံပြန်လွတ်လာတဲ့အချိန် ဘေးမှာရှိနေတဲ့ သူငယ်ချင်းဖြစ်သူကလည်း ဖြိုးပြည့်စုံရဲ့ လက်ရှိအခြေအနေကို ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ ဖြိုးပြည့်စုံ တကယ်လွတ်သွားတာ ဟုတ်ပါတယ်။ ဆေးပြားကိစ္စနဲ့ ပတ်သက်ပြီးတော့ အစ်ကိုတို့ပြောလို့မရဘူးပေါ့။ အခု အတည်ပြုလို့ရတာကတော့ ဖြိုးပြည့်စုံ ပြန်လွတ်လာပါပြီ။ ဆေးစစ်ချက်တွေကတော့ သူတို့နောက်မှ ထုတ်ပြန်ပါလိမ့်မယ်။ ကိုဖြိုးရဲ့ ကျန်းမာရေးလည်း ကောင်းပါတယ်။ ကိုဖြိုးနဲ့ သူ့မိသားစုကတော့ ကားတစ်စီးနဲ့ အရှေ့က သွားနေပါတယ်။ အစ်ကိုတို့ ကတော့ နောက်ကားမှာပါ’’ ဆိုပြီးတော့ ဖြိုးပြည့်စုံရဲ့ ဘေးနားမှာရှိတဲ့ သူငယ်ချင်းဖြစ်သူ ဂွမ် က ပြောပြလာပါတယ်။

Photo: Phyo Pyae Sone

အမှုဖြစ်စဉ်အစမှာတော့ အဆိုတော် ဖြိုးပြည့်စုံနဲ့အတူ တေးရေး ချမ်းငြိမ်းကိုနဲ့ တေးရေး ရော်နီ ဆန်းလွင်တို့ စီးနင်းလာခဲ့တဲ့ ကားအတွင်းထဲက ကျောပိုးအိတ်ထဲမှာတော့ ကတ်တမင်းလို့ခေါ်တဲ့ အလေးချိန် ဝ.၄ ဂရမ်ရှိ မူးယစ်ဆေးဝါး ဆေးပြား ၁၀ ပြား၊ ဖြိုးပြည့်စုံရဲ့ မှတ်ပုံတင်၊ ဖြိုးပြည့်စုံရဲ့ Iphone ၊ တေးရေး ရော်နီဆန်းလွင်ရဲ့ I Phone ၊ တေးရေးချမ်းငြိမ်းကိုရဲ့ I Phone စည်တို့ကို တွေ့ရှိခဲ့တယ်လို့ အောက်တိုဘာလ ၈ ရက်နေ့က ဗဟန်းမြို့နယ် တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးစောထွန်းအေးက မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပြောပြခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပုဒ်မ ၁၉(က)/၂၁ နဲ့ ဖြိုးပြည့်စုံနဲ့ သူငယ်ချင်းနှစ်ဦးကို အမှတ် ၄၀ မူးယစ်တပ်ဖွဲ့မြောက်ပိုင်း က ဒုရဲအုပ် မျိုးမင်းက ဗဟန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။

Photo: Phyo Pyae Sone

တာဝန်ရှိသူများက သတင်းရရှိတဲ့အတွက် အဆိုတော်ဖြိုးပြည့်စုံကို အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းက မြန်မာပလာဇာအရှေ့ဘက်ရှိ ကော်ဖီဆိုင်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ဖြိုးပြည့်စုံအမှုရင်ဆိုင်နေရတဲ့အချိန်မှာ သူ့ကို ချစ်ခင်တဲ့ အနုပညာအသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမများ နဲ့ ပရိသတ်တွေကလည်း အရမ်းကို စိုးရိမ်ခဲ့နေခဲ့ကြတာပါ။ အခုလို ပြန်လွတ်လာပြီဆိုတဲ့အပေါ်မှာလည်း အရမ်းကို ပျော်ရွှင်နေကြတာ တွေ့ရပါတယ်။ သူကတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေ ဂီတလောကထဲကို ခြေဆန့်ခဲ့သူတစ်ယောက်ပါ။ သူဟာ အဆိုတော် တစ်ယောက်အဖြစ်သာမက ဆရာဝန်ဘွဲ့ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က