မြရိပ်ညိုဟိုတယ်ဟောင်းနေရာပေါ်မှာ ဇေကမ္ဘာကုမ္ပဏီလီမိတက်နဲ့ တရုတ်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ Yangon New World စီမံကိန်းဟာ စာချုပ်ပါသတ်မှတ်ချက်တွေကို မလိုက်နာတာကြောင့် အမြန်ဆုံးထွက်သွားဖို့ တပ်မတော်က သတိပေးလိုက်ပါတယ်။
Photo - MOI
ဒါ့အပြင်မြေပိုင်ရှင်ကို ခွင့်ပြုချက်တစ်စုံတစ်ရာ တင်ပြခွင့်ပြုခြင်းမရှိဘဲ အဲ့ဒီမြေဧရိယာအတွင်းက ရှေးဟောင်းလက်ရာစာရင်းဝင် အဆောက်အဦ ၂ လုံးဖြစ်တဲ့ မြို့တော်ဝန်အိမ် House (C) နဲ့ ဧည့်ရိပ်သာ House (D) တို့ကို ဖြိုဖျက်ခဲ့တာကြောင့် အဲ့ဒီအဆောက်အဦးတွေကို မူလ လက်ရာမပျက်ပြန်ဆောက်ပေးဖို့လည်း တပ်မတော်က ပြောထားပါတယ်။
Photo - ရန်ကုန်တပ်နယ်စည်ပင်
"တပ်မတော်အနေနဲ့ သတိပေးတာ ခေါ်ယူညှိနှိုင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အခုလည်း ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ထွက်သွားဖို့ သတိပေးရတာဖြစ်ပါတယ်"လို့ တပ်နယ်စည်ပင်က အရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။
မြရိပ်ညိုဟိုတယ်မြေနေရာဟာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်မှာတည်ရှိပြီး တပ်မတော်ပိုင် မြေဖြစ်ကာ အကျယ်အဝန်း ၁၃ ဒသမ ၇၉၄ ဧက ရှိပါတယ်။ B.O.T စနစ်နဲ့ လုပ်ငန်းတွေဆောင်ရွက်ဖို့ အဲ့ဒီအချိန်က နှစ်ချုပ်စာချုပ်ဖြင့် လုပ်ငန်းဆောင်ရွက်တဲ့ ဇကမ္ဘာကုမ္ပဏီကို ဦးစားပေးစနစ်နဲ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် ကြိုတင်သဘောတူညီမှု မှတ်တမ်းလွှာ (M.O.A) လက်မှတ်ရေးထိုးခဲ့ပါတယ်။
Photo - Photo - ရန်ကုန်တပ်နယ်စည်ပင်
စာချုပ် သဘောတူညီချက်အတိုင်း မြေအသုံးချခ ကန်ဒေါ်လာ ၄၁ ဒသမ ၃၈၂ သန်း ကို (၂) နှစ်အတွင်း (၅) ကြိမ်ခွဲ၍ ပေးသွင်းရမည်ဖြစ်သော်လည်း သတ်မှတ်ကာလအတွင်း (၂) ကြိမ်အတွက် အမေရိကန်ကန်ဒေါ်လာ ၁၆ ဒသမ ၅၅၂ သန်းသာ ပေးသွင်းခဲ့ကြောင်း၊ ပေးသွင်းရန်ကျန်ရှိနေသော (၃) ကြိမ်အတွက် ဒေါ်လာ ၂၄ ဒသမ ၈၂၉ သန်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် နောက်ဆုံးပေးသွင်းရမည်ဖြစ်သော်လည်း ယနေ့အထိ ပေးသွင်းမှုမရှိသောကြောင့် အကြိမ်ကြိမ် နှိုးဆော်သတိပေးခဲ့ရတယ်လို့ တပ်မတော်တာဝန်ရှိသူကပြောပါတယ်။
စီမံကိန်းမြေနေရာမှာ မြေတူးဖော်မှုများကြောင့် အများပြည်သူ အသုံးပြုနေတဲ့ ကုက္ကိုင်းရေလှောင်ကန် ဆက်စပ်မြေနေရာများ ထိခိုက်နိုင်သဖြင့် စိုးရိမ်မှုများရှိနေပြီး ကန့်ကွက်မှုတွေကြောင့်လည်း တပ်မတော်က ဆက်လက်ခွင့်မပြုတော့တာဖြစ်တယ်လို့ ဆိုပါတယ်။