မိန်းကလေးနှစ်ဦးမောင်းနှင်လာတဲ့ဆိုင်ကယ်မှာ ၁၂ ဘီးယာဉ်အောက်ပါသွားခဲ့ပြီး ဆိုင်ကယ်ရော၊ကားပါ မီးလောင်သွားခဲ့တယ်လို့ အိုးဘိုလူမှုကူညီကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။
Photo- Myanmar Fire Services Dept
ဇန်နဝါရီလ ၁၂ ရက် ညနေ ၄ နာရီခွဲခန့်က မုံရွာ-စစ်ကိုင်း-မန္တလေးလမ်းမကြီး ရတနာပုံတံတားကနေ သီရိမင်္ဂလာ ဂုံးကျော်တံတားလမ်းအတိုင်း မိန်းကလေးနှစ်ဦးမောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ကျောက်မီးသွေးသယ်ဆောင်လာတဲ့ ၁၂ ဘီးယာဉ်က အနောက်ကနေ ဝင်တိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မိန်းကလေးနှစ်ဦးဟာ အသက် (၂၁) နှစ်အရွယ်နဲ့ အသက် (၁၅) နှစ်အရွယ်တို့ ဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် တစ်ဦးက ခါးဆစ်ရိုးပြုတ်ဒဏ်ရာ၊ နောက်တစ်ဦးမှာ ခြေထောက်ကျိုးကြေသွားခဲ့ပြီး ဒဏ်ရာပြင်းထန်ကြောင်း အိုးဘိုလူမှုကူညီကယ်ဆယ်ရေးအသင်း ဥက္ကဌ ဦးသံမဏိက Duwun ကိုပြောပါတယ်။
“ ကားသမားက တိုက်ပြီး ကားမီးလောင်တဲ့အချိန်မှာ ထွက်ပြေးသွားတယ်။ ဆိုင်ကယ်ရော အမျိုးသမီးတွေပါ ကားအောက်ထဲ တရွက်တိုက်ပြီး ပါသွားတာ။ ဆိုင်ကယ်နဲ့ ကျောက်လမ်းနဲ့ ပွတ်ပြီးပါသွားတော့ ဆိုင်ကယ်ပါ မီးလောင်သွားတယ်။ အမျိုးသမီးနှစ်ယောက်ဆုံးသွားတယ်ဆိုတာတော့မဟုတ်ပါဘူး” လို့ ဦးသံမဏိက ဆိုပါတယ်။
ဒဏ်ရာရရှိသူ မိန်းကလေးနှစ်ဦးကို အိုးဘိုလူမူကူညီရေးအသင်းက ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ကားမီးလောင်မှုကြောင့် စစ်ကိုင်းမြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ်တွေ လာရောက်မီးငြှိမ်းသတ်ခဲ့ရာ ၄ နာရီ မိနစ် ၄၀ အချိန်မှာ မီးငြိမ်းသွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။