မေမေ ဆိုရင် မျက်ရည်တောင်ကျတယ်။

အိချောပိုက ရေသူမ ကာရိုက်တာဟာ သူမအတွက် သက်စွန့်စံဖျား ကြိုးစားခဲ့ရတဲ့ ဇာတ်ကောင်ဖြစ်တယ်လို့ ဆိုပါတယ်။ အန္တရာယ်တွေကြားက လူစားမထိုးပဲ ရိုက်ခဲ့ရတာဖြစ်လို့ မိခင်ဖြစ်သူရဲ့ စိုးရိမ်မှုကို ခံခဲ့ရတယ်လို့ ပြောပါတယ်။

သရုပ်ဆောင် အိချောပိုဟာ မကြာသေးခင်က ‘’ဒဏ္ဍာရီပင်လယ်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးစီးခဲ့ပြီးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ တကယ့် ရေသူမလေးတစ်ယောက်လို သရုပ်ဆောင်ခဲ့ရတာကြောင့် သာမန်လူတစ်ယောက်အတွက် အသက်အန္တရာယ်စိုးရိမ်ခဲ့ရတာတွေရှိတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ တကယ် သက်စွန့်စံဖျားကြိုးစားခဲ့ရတာလေးတွေလည်းရှိတယ်။ လူစားထိုးဖို့လည်းပြောကြတယ်။ တကယ် လူစားမထိုးပဲနဲ့ ကိုယ်တိုင်ပဲ သရုပ်ဆောင်ခဲ့တာတွေရှိတယ်။ တချို့အခန်းတွေဆိုရင် အမေဆို ကြည့်တောင် မကြည့်ရဲဘူး။ အမေက မျက်ရည်တောင်ကျတယ်။  ရေထဲကို ဒိုင်ပင်ထိုးတဲ့ အခန်းတွေဆိုရင်လေ ဒိုင်ပင်ထိုးပါလားဆိုတော့ မထိုးဘူး။ ကိုယ်တိုင်ရိုက်ခဲ့တဲ့ အခန်းလေးတွေ၊ ရေအောက်ထဲမှာ ရိုက်ရတဲ့ အခန်းလေးတွေ ပင်ပန်းတယ်။ အားလုံး အတူတူ ပင်ပန်းခဲ့ကြတာပါ’’ လို့ JOY YOUNG Grand Opening ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Li John

ရေသူမလေး ကာရိုက်တာကို လူစားမထိုးပဲ ရိုက်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း အိချောပိုက ပြောပြခဲ့ပါတယ်။ သူမက ပရိသတ်တွေကို မလိမ်မညာပဲ တကယ့်ကြိုးစားမှုတွေနဲ့သာ အကောင်းဆုံး ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

‘’ ဒါက ကိုယ့်ဘာသာကိုယ် လုပ်ကြည့်ချင်တာလည်းပါမယ်။ ပြီးတော့ ပရိသတ်တွေကလည်း ပို သိသာမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအခန်းတွေက ပိုပြီးတော့ အဓိက ကျတယ်။ ရေသူမလေးက သူ့ရဲ့ ရေအောက်ကမ္ဘာကို ပြန်မယ်ဆိုတဲ့ အခန်း၊ မင်းသားကလည်း ကျန်ရစ်ရမယ့်အခန်းဆိုတော့ လိမ်ရိုက်လိုက်ရင် Mood တွေက မတူဘူးဆိုတော့ မထူးတော့ဘူး ဦးမောင်ရယ် လူစားမထိုးပဲ ရိုက်လိုက်မယ်ဆိုတော့ အားလုံး ဝမ်းသာသွားတာပေါ့’’ လို့ သူကဆိုပါတယ်။

သာမန် မိန်းကလေးလို ရေကူးတတ်ပေမယ့် ရေသူမတစ်ယောက်လိုတော့ ကျွမ်းကျွမ်းကျင်ကျင်ရေကူးတတ်သူ မဟုတ်ဘူးလို့ဆိုပါတယ်။ သူကိုယ်တိုင်လည်း ဒီကာရိုက်တာအတွက် စိတ်လှုပ်ရှားခဲ့ရပါတယ်တဲ့။

‘’ ရေကူးတာကျတော့ အစကတည်းက ကူးတတ်တယ်။ ဒီဇာတ်ကားလေးရိုက်မယ်လို့ လက်ခံဖြစ်လိုက်တဲ့အချိန်မှာတော့ ရေသူမ ကူးတဲ့ ပုံစံကလည်း မတူပြန်ဘူးလေ။ အိမ်မှာ ဆရာမခေါ်ပြီး သင်ခဲ့ရတယ်။ ရှုတင်ရှိတဲ့အချိန်ဆိုရင် ည ၁၁ နာရီ ၁၁နာရီ ခွဲလောက်အထိ သင်ခဲ့ရတယ်။ အခု ရိုက်တော့လည်း ညဘက် နားတဲ့အချိန်တွေမှာ လေ့ကျင့်နေရတာပဲ ကြိုးစားခဲ့ရတာတွေပေါ့နော်’’  လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Li John

အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်အရှေ့ကိုရောက်လာတဲ့ အိချောပိုဟာ အခုဆိုရင် အရမ်းကို အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်နေပါပြီ။ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာအလှအပကြောင့်လည်း ပရိသတ်တွေ အားကျရသလို ဇာတ်ရုပ်တိုင်းမှာ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ပရိသတ်အချစ်ကို ပိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Share

က္က