ပြည်သူ့လွှတ်တော်အစည်းအဝေးမှာပြောကြားခဲ့တာပါ။

တိုင်ပေါ်မှာတပ်ဆင်ထားတဲ့ မီတာတွေကို သက်ဆိုင်ရာ မီးသုံးသူတွေက သံသယရှိပါက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွေကို အကြောင်းကြားနိုင်ပြီး တာဝန်ရှိသူတွေကိုယ်တိုင် တိုင်ပေါ်တက်ကာ မီတာဖတ်ပေးမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြောပါတယ်။

ဒီဇင်ဘာ (၁၆) ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒလမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးစိန်မြအေးက မီတာဖတ်ခြင်း၊မီတာကောက်ခံခြင်းတွေမှာ လျှပ်စစ်သုံးစွဲသူနဲ့ ဌာနတို့အကြား ပွင့်လင်းမြင်သာအောင် လူမြင်နိုင်တဲ့ နေရာ (ဒါမှမဟုတ်) အိမ်ခြံဝင်းတွေအတွင်းမှာ မီးပုံးထားရှိရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာမှာ ဒုဝန်ကြီးက ဖြေကြားခဲ့တာပါ။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်ပေါ်မှာ တပ်ထားပြီးတဲ့ မီတာအလုံး (၇) သိန်းကျော်ရှိပြီး လူမြင်နိုင်တဲ့နေရာ ဒါမှမဟုတ် အိမ်ခြံဝင်းတွေအတွင်း ပြောင်းရွှေ့တပ်ဆင်မယ်ဆိုရင် ကုန်ကျငွေ ၃၈ ဒဿမ ၄ ဘီလီယံ ကိုနိုင်ငံတော်က ကျခံရမယ်လို့ ဆိုပါတယ်။ 

ရန်ကုန်တိုင်းမှာ ၁၈ ဒဿမ ၅ ဘီလီယံ၊ မန္တလေးတိုင်းမှာ ၄ ဒဿမ ၆ ဘီလီယံနဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ ၁၅ ဒဿမ ၃ ဘီလီယံခန့် ကို ဘက်ဂျက်ရရှိမှုအပေါ်မူတည်ပြီး အပိုင်းလိုက်ဆောင်ရွက်ရမယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြောပါတယ်။

အခုလို ဘက်ဂျက်တောင်းခံရတာများတဲ့အတွက် မဆောင်ရွက်ပေးနိုင်သေးဘူးဆိုရင် ပြည်သူတွေက မီတာပုံး နဲ့ ပတ်သက်လို့ သံသယဖြစ်ပြီး ခဏခဏမေးနေတာတွေကို ဘယ်လိုဆောင်ရွက်မလဲလို့ ဆိုပြီး ဒလမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးစိန်မြအေးက ဆက်စပ်မေးမြန်းခဲ့ပါတယ်။

ဒုဝန်ကြီးကတော့ လတ်တလောမှာ မီတာပုံးတွေကို တိုင်ပေါ်ကနေ တိုင်အောက်ချမယ့်ကိစ္စကို မစီစဉ်နိုင်သေးတာကြောင့် မီတာဖတ်ရာမှာ တိုင်ပေါ်တပ်မီတာရဲ့ ယူနစ်ဂဏန်း Display ကို ဓာတ်ပုံရိုက်ပြီး အိမ်ရှင်ကိုပြသကာ အိမ်ရှင်နှင့်ဖတ်ရှုသူနှစ်ဦး အတည်ပြုလက်မှတ်ရေးထိုးတဲ့စနစ်ကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပိုင် မီတာအလုံးပေါင်း ၅ သန်းခန့်ရှိပြီး တိုင်ပေါ် တပ်မီတာတွေကတော့ ရန်ကုန်တိုင်းမှာ ၃ သန်းကျော်၊ မန္တလေးတိုင်းမှာ ၁ သိန်းကျော် နဲ့ ကျန်တိုင်းဒေသနဲ့ ပြည်နယ်တွေမှာ ၂ သိန်းခွဲကျော် တပ်ဆင်ထားပြီး အဲဒီပမာဏဟာ မီတာ စုစုပေါင်းရဲ့ ၁၅ဒသမ ၃ရာခိုင်နှုန်းခန့်ရှိကြောင်း ဝန်ကြီးဌာနက ဖြေကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က