ဘူမိစွမ်းအင်ကို အသုံးချပြီး Bitcoin ထုတ်နေတာပါ

လျှပ်စစ်ဓါတ်အား အကြီးအကျယ်သုံးတဲ့ Bitcoin Mining ထုတ်ခြင်းအတွက် အဖြေတစ်ခု ထွက်လာပြီလားလို့ မေးရတော့မယ့်အချိန်ပါ။

           အယ်လ်ဆာဗေဒါနိုင်ငံ သမ္မတ နာရစ်ဘ်စ်ဘူကီလီကတော့ နိုင်ငံရဲ့ တရားဝင်ငွေကြေးသစ်အဖြစ် သတ်မှတ်ထားတဲ့ Bitcoin ထုတ်ဖို့အတွက် ဘူမိအပူစွမ်းအင်ကို စတင်အသုံးပြုနေပြီလို့ Twitter မှာ ရေးတင်ခဲ့ပါတယ်။ သောကြာနေ့က သူ့ရဲ့ Tweet မှာ မီးတောင်တွေကနေ အပူစွမ်းအင်နဲ့ 0.00599179 BTC (တန်ဖိုး ၂၆၉ ဒေါ်လာခန့်) ထုတ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။



           စွမ်းအင်စက်ရုံတစ်ခုမှာ အစိုးရတံဆိပ်တပ်ထားတဲ့ ကွန်တိန်နာတွေနဲ့ Bitcoin တူးဖော်ရေးပစ္စည်းတွေ ရောက်လာတဲ့ ၂၅ စက္ကန့်စာ ဗွီဒီယိုဖိုင်တစ်ခုကိုလည်း Tweet မှာ မျှဝေထားပါတယ်။ ဒီဗွီဒီယိုဖိုင်မှာ နည်းပညာကျွမ်းကျင်သူတွေ ASIC miners တွေ တပ်ဆင်နေတဲ့ လှုပ်ရှားမှုတွေနဲ့ စက်ရုံဝန်းကျင် မြင်ကွင်းတွေပါ ဖော်ပြထားပါတယ်။ "အခုက စမ်းသပ်ဆဲ ၊ တပ်ဆင်ဆဲပေါ့။ ဒါပေမယ့်လည်း မီးတောင်ကနေ ပထမဆုံးအကြိမ် တရားဝင် Bitcoin Mining လုပ်တာလည်း ဖြစ်ပါတယ်" လို့ သမ္မတက Twitter မှာ ကြေညာထားပါတယ်။




           အယ်လ်ဆာဗေဒါကို မီးတောင်တို့မြေ လို့လည်း လူသိများပြီး လှုပ်ရှားနေတဲ့ မီးတောင်ရှင်ပေါင်း ၂၀ ကျော် ရှိပါတယ်။ အမေရိကန်နိုင်ငံတကာ ကုန်သွယ်ရေးအစည်းအရုံးရဲ့ အဆိုအရ ဗဟိုအမေရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဒီနိုင်ငံဟာ စုပေါင်းစွမ်းအင်ရဲ့ ၂၀% ကျော်ကို ဘူမိအပူစွမ်းအင်အရင်းအမြစ်တွေကနေ ရရှိနေတယ်လို့လည်း ဆိုပါတယ်။ အယ်လ်ဆာဗေဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံး Cryptocurrency ကို တရားဝင်ငွေကြေးအဖြစ် လက်ခံတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

           ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ Bitcoin လို Digital Currency တွေဟာ နိုင်ငံရဲ့ တရားဝင်ငွေကြေးအဖြစ် အသိအမှတ်ပြုခဲ့တာ ဖြစ်ပြီး တရားဝင်ငွေကြေးအဖြစ် မကြေညာခင် တစ်ရက်အလိုမှာ အယ်လ်ဆာဗေဒါအစိုးရဟာ ဒေါ်လာ ၂၀.၉ သန်းခန့် တန်တဲ့ Bitcoin ၄၀၀ ဝယ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ BTC တန်ဖိုးဟာ ဒေါ်လာ ၅၂၀၀၀ ကနေ ၄၃၀၀၀ အောက်ကို ကျဆင်းခဲ့ပါတယ်။

           အယ်လ်ဆာဗေဒါအစိုရရဲ့ အဆိုအရ နိုင်ငံလူဦးရေရဲ့ ၃၄ ရာခိုင်နှုန်းခန့်ရှိတဲ့ လူပေါင်း ၂.၃ သန်းဟာ အစိုးရပိုင် Chivo e-Wallet ကနေတစ်ဆင့် Bitcoin သုံးနေကြတယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် ဘဏ်အကောင့်ရှိသူထက် crypto wallet ရှိသူဦးရေဟာ ၆ သိန်းကျော် ပိုများလာတာလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း Bitcoin ကြောင့် ငွေကြေးဖောင်းပွမှာကို စိုးရိမ်သူတွေရှိခဲ့သလို မြို့တော် ဆန်ဆယ်ဗာဒေါ်မှာ လူထောင်နဲ့ချီ ဆူပူဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။


Photo: The Guardian

           Bitcoin Mining လို့ ခေါ်ကြတဲ့ cryptocurrency သစ် ဖန်တီးတဲ့ကိစ္စဟာ တစ်နှစ်ထက်တစ်နှစ် စွမ်းအင်သုံးစွဲမှု အကြီးအကျယ် မြင့်တက်လာစေတဲ့ ကိစ္စတစ်ရပ်လည်း ဖြစ်ပါတယ်။ တစ်နှစ်တစ်နှစ် Bitcoin Mining ကြောင့် လျှပ်စစ်ဓါတ်အား သုံးစွဲမှုဟာ ဖင်လန် ၊ ဆွစ်ဇာလန်နဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသုံးခုပေါင်းရဲ့ စွမ်းအင်သုံးစွဲမှုထက် ပိုမြင့်တယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က