ကြာသပတေးနေ့ညနေမှာ ဖြစ်ပွားခဲ့တာပါ။

မန်ချက်စတာစီးတီးနောက်ခံကစားသမား ဂျာအို ကန်ဆယ်လိုဟာ ၎င်းရဲ့အိမ်ကို ဖောက်ထွင်းလုယူသူ ၄ ဦးရဲ့ လက်ချက်ကြောင့် မျက်ခုံးမှာ ပြတ်ရှ ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကြာသပတေးနေ့ညမှာ အသက် ၂၇ နှစ်အရွယ် မန်ချက်စတာစီးတီးနောက်ခံကစားသမားက သွေးထွက်နေတဲ့ ဒဏ်ရာကို အင်စတာဂရမ်ကနေ ထုတ်ဖော်ပြသခဲ့ပြီး အိမ်ကို ဖောက်ထွင်းတဲ့ သူခိုးတွေကို ခုခံတိုက်ခိုက်ခဲ့တဲ့အတွက် ရရှိခဲ့တဲ့ဒဏ်ရာလို့ ရေးသားခဲ့ပါတယ်။



"ကံဆိုးစွာနဲ့ပဲ ဒီနေ့ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကို နာကျင်အောင်လုပ်ဖို့ ကြိုးစားခဲ့တဲ့ သူရဲဘောကြောင်တဲ့လူ ၄ ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ခင်ဗျား ခုခံကာကွယ်တဲ့အခါမှာ ဒီလိုမျိုး ဖြစ်ပျက်တတ်ပါတယ်"

"သူတို့တွေ ကျွန်တော့် လက်ဝတ်ရတနာတွေ အားလုံးယူသွားနိုင်ခဲ့ပြီး ကျွန်တော့်မျက်နှာကတော့ ဒီအခြေအနေနဲ့ ကျန်ခဲ့တယ်။ ဒီလို အောက်တန်းစားတွေ ဘယ်လိုတောင် ရှိနေလဲဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော့်အတွက် အရေးအကြီးဆုံးအရာက ကျွန်တော့်မိသားစုဖြစ်ပြီး ကံကောင်းစွာနဲ့ သူတို့အားလုံး အဆင်ပြေပါတယ်"

"ကျွန်တော့်ဘဝမှာ အခက်အခဲ အတားအဆီးတွေ အများကြီး ကြုံတွေ့ခဲ့ရပြီးနောက် ဒီကိစ္စက ကျွန်တော် နောက်ထပ်ကျော်လွှားနိုင်ခဲ့တဲ့အရာတစ်ခုပါပဲ။ အမြဲတမ်းလိုပဲ ခိုင်မာပြီး ကြံ့ခိုင်နေပါ"လို့ ရေးသားခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းက ကန်ဆယ်လိုဟာ ဘရန်ဖို့ဒ်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိအောင် ကူညီပြီးနောက် တစ်ရက်အကြာမှာ အခုလို ဖြစ်စဉ်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့ အတည်ပြုခဲ့ပါတယ်။

"ဂျာအို ကန်ဆယ်လိုနဲ့ သူ့မိသားစုတွေဟာ ဒီနေ့ညနေ သူတို့အိမ် ဖောက်ထွင်းမှုခံခဲ့ရပြီး အဲဒီဖြစ်စဉ်အတွင်း ကန်ဆယ်လို တိုက်ခိုက်ခံခဲ့ရတာကြောင့် ကျွန်တော်တို့အနေနဲ့ အံ့သြ တုန်လှုပ်မိခဲ့ပါတယ်။ ဂျာအိုနဲ့ သူ့မိသားစုဟာ ကလပ်အသင်းရဲ့ ပံ့ပိုးကူညီမှုကို ရရှိနေပြီး သူက ဒီကိစ္စကို ပြင်းပြင်းထန်ထန် စုံစမ်းစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ရဲ့ မေးမြန်းစုံစမ်းမှုတွေမှာ ကူညီပေးနေပါတယ်"လို့ ထုတ်ပြန်ကြေညာချက်မှာ ရေးသားခဲ့ပါတယ်။

Share

က္က