ယာမိုလန်ကိုနဲ့ သူ့မိသားစုရဲ့ အခြေအနေကို ရှက်ဗ်ချန်ကိုက ပြောပြခဲ့တာပါ။

ဝက်စ်ဟမ်းတိုက်စစ်ကစားသမား ယာမိုလန်ကိုဟာ သူ့ဇနီးနဲ့ ကလေးတို့ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် ခေါ်ဆောင်မယ်လို့ သိရပါတယ်။ ယာမိုလန်ကိုရဲ့ ဇနီးနဲ့ကလေးတို့ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ယူကရိန်းကနေ ပိုလန်ကို စစ်ဘေးရှောင်ခဲ့ရတာဖြစ်ပါတယ်။



ဝက်စ်ဟမ်းဟာ ဒီကစားသမားအတွက် အားလပ်ရက်အချို့ပေးထားပြီး ယာမိုလန်ကိုက ပိုလန်အထိ သွားရောက်ကာ မိသားစုကို ခေါ်ဆောင်မှာဖြစ်ပါတယ်။ ယာမိုလန်ကိုရဲ့ ဇနီးဟာ သားသမီးသုံးယောက်ရှိတဲ့အနက် တယောက်နဲ့ အတူ ယူကရိန်းမှာ ကျန်ရစ်ခဲ့ပါတယ်။

ရှက်ဗ်ချန်ကိုက “အားကစားက ကမ္ဘာကြီးကို အပြောင်းအလဲလုပ်နိုင်တဲ့ အံ့အားသင့်ဖွယ် စွမ်းအားရှိပါတယ်။ အခုလည်း ဒီလိုပါပဲ။ အဲဗာတန်က မိုင်ကိုလန်ကို,ကို အားပေးတာ၊ မန်စီးတီးက ဇင်ချန်ကို,ကို အားပေးတာတွေက တကယ်ကို အံ့အားသင့်စရာပါပဲ။ ယာမိုလန်ကိုလည်း အခု အလားတူ အခြေအနေမျိုးပါပဲ”

“သူ့ရဲ့ဇနီးက ကလေးတယောက်နဲ့ ယူကရိန်းမှာ ကျန်ခဲ့တာပါ။ အခုတော့ နယ်စပ်ကိုဖြတ်ပြီး ပိုလန်ကို ရောက်နေပါပြီ။ သူက ပိုလန်ကို ကိုယ်တိုင်လာပြီး သူ့ဇနီးကို ခေါ်ပါလိမ့်မယ်။ ကျနော် သေချာတော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် သူ့ဇနီးကို ကျနော် သိပါတယ်။ သူ အခုလောက်ဆိုရင် လန်ဒန်ကို လာလို့ရကောင်းရပါလိမ့်မယ်”

“ဒါက ယာမိုလန်ကိုအတွက် ဘယ်လောက်ခက်ခဲလဲ ကျနော်သိပါတယ်။ မိသားစုက ယူကရိန်းမှာ ကျန်ခဲ့တာက တော်တော်ကို စိတ်ဖိစီးရပါတယ်။ ကျနော်ဆို ဘယ်အရာကိုမှ အာရုံမစိုက်နိုင်ပါဘူး။ ဘာဖြစ်နေပြီလဲဆိုတာကို တချိန်လုံး သတင်းတွေကြည့်မိပါတယ်။ ဘောလုံးပွဲတောင် မကြည့်နိုင်တော့ပါဘူး”

“ကျနော့်အမေနဲ့ ညီမတို့က အခု ကိဗ်မြို့မှာ ကျန်ခဲ့ပါတယ်။ အဲ့ဒီမှာ ကြောက်ဖို့ကောင်းတာတွေဖြစ်နေပါပြီ။ လူတွေ၊ ကလေးတွေ သေဆုံးနေပြီး ဒုံးကျည်တွေက ကျနော်တို့ အိမ်တွေကို ချိန်ထားပါတယ်။ သူတို့ကို ထွက်လာဖို့ ကျနော် အကြိမ်ပေါင်းများစွာ ကြိုးစားပါတယ်။ စကားလည်း ပြောပြီးပါပြီ။ ဒါပေမယ့် သူတို့က ငြင်းပါတယ်”

“သူတို့က ယူကရိန်းမှာပဲ ဆက်နေချင်ကြပါတယ်။ ဒါကိုက ယူကရိန်းနိုင်ငံသားတွေရဲ့ စိတ်ဓာတ်ပါ။ အခုချိန်မှာ ကျနော် ဘောလုံးအကြောင်းကို မတွေးနိုင်တော့ဘဲ ကျနော့်နိုင်ငံအတွက်ပဲ ကျနော်တွေးပါတော့တယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က