ဒီနှစ်ဆောင်းရာသီမှာ မိသားစုလိုက်ခရီးထွက်ဖို့ စိတ်ကူးနေရင်တော့ မလေးရှားနိုင်ငံကိုလည်း ထည့်စဉ်းစားဖို့ မမေ့ပါနဲ့ဦး။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံဟာ မတူကွဲပြားတဲ့ ယဉ်ကျေးမှု၊ သမိုင်းဝင် အမွေအနှစ်တွေ၊ စိမ်းလန်းစိုပြေတဲ့ သဘာဝပတ်ဝန်းကျင် နဲ့ အံ့မခန်းလှပတဲ့ ကမ်းခြေတွေ ပေါင်းစပ်ထားလို့ ခရီးသွားတွေအတွက် ဆွဲဆောင်မှုရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။
မိသားစုလိုက် ခရီးစဉ်အတွက်ဆိုရင်တော့ မလေးရှားနိုင်ငံမှာ ကလေးတွေရော လူကြီးတွေပါ ပျော်ရွှင်စရာ အတွေ့အကြုံမျိုးစုံကို ပေးစွမ်းနိုင်တဲ့ နေရာကောင်းတွေ အများကြီးရှိပါတယ်။
ကွာလာလမ်ပူ (Kuala Lumpur)
မြို့တော် ကွာလာလမ်ပူ ဟာ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေအတွက်ရော လူကြီးတွေအတွက်ပါ လည်ပတ်စရာ၊ ပျော်စရာနေရာတွေနဲ့ ပြည့်နေပါတယ်။
Aquaria KLCC
ဒီပြတိုက်မှာတော့ ငါးမန်းတွေ၊ လိပ်တွေ နဲ့ ရေသတ္တဝါပေါင်း ၅,၀၀၀ ကျော်ကို ရေအောက်လှိုဏ်ခေါင်းထဲကနေ လှမ်းကြည့်နိုင်ပါတယ်။ ရေနေသတ္တဝါကို စိတ်ဝင်စားသူတွေအတွက်တော့ တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ နေရာပါ။
Petrosains, The Discovery Centre
Petrosains အမြွှာမျှော်စင် ထဲမှာ တည်ရှိပြီး သိပ္ပံနဲ့ နည်းပညာဆိုင်ရာ လေ့လာနိုင်တဲ့ပြခန်းတွေ ရှိတဲ့အတွက် ကလေးတွေ ဗဟုသုတရပြီး ပျော်ရွှင်နိုင်ပါတယ်။ အမြွှာမျှော်စင်အောက်က KLCC Park ပန်းခြံကြီးထဲမှာ ရေပန်းကစားကွင်းနဲ့ ကစားကွင်းကြီးတွေ ရှိတဲ့အတွက် ဆော့ကစားဖို့လည်း အဆင်ပြေပါတယ်။
လန်ကာဝီ (Langkawi)
လန်ကာဝီကျွန်းဟာ သဲဖြူကမ်းခြေတွေ၊ သဘာဝအလှတွေနဲ့ မိသားစု အပန်းဖြေစခန်းတွေ ပေါများတဲ့ ကျွန်းစုဖြစ်ပါတယ်။ ကမ္ဘာ့အမတ်ဆုံး ကေဘယ်လ်ကားဖြစ်တဲ့ လန်ကာဝီ ကောင်းကင်ကား (Langkawi SkyCab) နဲ့ ကောင်းကင်တံတား (Sky Bridge) ပေါ်ကနေ သဘာဝရှုခင်းတွေကို ကြည့်ရှုရတာက အတွေ့အကြုံသစ်တစ်ခု ဖြစ်စေမှာပါ။ Sky Bridge ပေါ်မှာ လမ်းလျှောက်တာကလည်း စိတ်လှုပ်ရှားစရာဖြစ်ပါလိမ့်မယ်။
Kilim Geoforest Park
နှစ်သန်း ၅၀၀ နီးပါး သက်တမ်းရှိပြီလို့ ခန့်မှန်းရတဲ့ ဒီဥယျာဉ်ရဲ့ ရှေးကျတဲ့ ကျောက်တောင်၊ ထုံးကျောက်မြေမျက်နှာသွင်ပြင်တွေနဲ့ ရေဝပ်ဒေသ စနစ်တွေ ပေါင်းစပ်တည်ရှိနေတဲ့ ထူးခြားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
အဓိကဆွဲဆောင်မှုကတော့ မန်းဂရိုးတော လှေစီးခရီးစဉ် (Mangrove Boat Tour) တွေပဲ ဖြစ်ပြီး ထုံးကျောက်တောင်တန်း၊ သားရဲတိရစဆ္တ သဘာဝတရားကို အနီးကပ် လေ့လာခံစားနိုင်တဲ့ အခွင့်အရေးကို ပေးစွမ်းပါတယ်။
သဘာဝ သစ်ပင်တွေ၊ လင်းနို့လိုဏ်ဂူတွေ၊ လင်းယုန်တွေကို မြင်ရမယ့် မန်းဂရိုးတော (Mangrove Forest) လှေစီးခရီးစဉ်ကို မိသားစုလိုက် လှည့်လည်ကြည့်ရှုနိုင်ပါတယ်။
ဂျိုဟိုဘာရူး (Johor Bahru)
ဂျိုဟိုဘာရူးကတော့ စင်္ကာပူနိုင်ငံနဲ့ အလွန်နီးကပ်တာကြောင့် လူသွားလူလာများပြီး စည်ကားတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။
LEGOLAND Malaysia Resort
အာရှမှာ ပထမဆုံး ဖွင့်လှစ်တဲ့ LEGOLAND ဖြစ်ပြီး ကစားနည်းပေါင်း ၇၀ ကျော်၊ ရေကစားကွင်းနဲ့ အာရှရဲ့ ထင်ရှားကျော်ကြားတဲ့ အဆောက်အအုံတွေနဲ့ အထင်ကရနေရာတွေကို LEGO အရုပ် သန်းပေါင်းများစွာနဲ့ ပြန်လည်ပုံဖော်ထားတဲ့ နေရာဖြစ်ပါတယ်။
Desaru Coast Adventure Waterpark
မိသားစုအပန်းဖြေဖို့အတွက် အကောင်းဆုံးနေရာတစ်ခုအဖြစ် လူသိများပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရေပန်းများ၊ ကမ္ဘာ့အကြီးဆုံး လှိုင်းပုတ်ကန်ကြီးတစ်ခုရှိတဲ့ ရေကစားကွင်းကြီးဖြစ်ပြီး ကလေးအရွယ်စုံအတွက် သင့်တော်တဲ့ စီးစရာယာဉ်တွေ၊ ကမ်းခြေအတုတွေလည်း ရှိပါတယ်။
ပီနန်း (Penang)
အစားအသောက်ကောင်းကြိုက်သူတွေနဲ့ ယဉ်ကျေးမှုကို လေ့လာချင်သူတွေအတွက် ပီနန်းက အကောင်းဆုံးရွေးချယ်မှုပါ။ ပီနန်းရဲ့ မြို့တော် George Townဟာ ယူနက်စကို (UNESCO) စာရင်းဝင် ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခံထားရပြီး သမိုင်းကြောင်း၊ ယဉ်ကျေးမှုမျိုးစုံနဲ့ အရသာရှိတဲ့ လမ်းဘေးအစားအစာတွေက ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နေပါတော့တယ်။
ဂျော့ချ်တောင်း မြို့ဟောင်းတလျှောက်မှာ လမ်းလျှောက်ရင်းလည်း ဓာတ်ပုံလှလှလေးတွေ ရိုက်ပြီး ယဉ်ကျေးမှု အမွေအနှစ်တွေကို လေ့လာနိုင်ပါတယ်။
ESCAPE Penang
ဒီနေရာဟာ သဘာဝပတ်ဝန်းကျင်ကို အခြေခံပြီး ဆောက်ထားတဲ့ စွန့်စားခန်း ဥယျာဉ်ဖြစ်ပါတယ်။ ဂင်းနစ်စာရင်းဝင် ကမ္ဘာ့အရှည်ဆုံး ရေပိုက်လျှော (Water Tube Slide)၊နဲ့ ဇစ်လိုင်းစီးတာတွေလို စိတ်လှုပ်ရှားစရာ ကစားနည်းတွေ ရှိပါတယ်။
ဒီဥယျာဉ်မှာ သဘာဝပစ္စည်းတွေကိုပဲ သုံးထားပြီး ကစားနည်းအများစုဟာ လျှပ်စစ်ဓာတ်အားမလိုအပ်ဘဲ ဆွဲငင်အားနဲ့ လူ့စွမ်းအားအပေါ်သာ အခြေခံထားတာက ထူးခြားချက်တစ်ခုပါပဲ။
ကင်မရွန်းတောင်တန်းများ (Cameron Highlands)
ပူပြင်းတဲ့ ဒေသကနေ ခေတ္တအနားယူပြီး သဘာဝအလှကို ခံစားချင်ရင် ဒီနေရာကို ရွေးချယ်လိုက်ပါ။ ဒီတောင်တန်းတွေဟာ မလေးရှားရဲ့ အကြီးဆုံး ကုန်းမြင့်အပန်းဖြေစခန်းဖြစ်ပြီး သဘာဝအလှတရား၊ အေးမြတဲ့ ရာသီဥတုနဲ့ စိမ်းလန်းတဲ့ လက်ဖက်စိုက်ခင်းတွေကြောင့် အေးအေးချမ်းချမ်းအနားယူဖို့ သင့်တော်ပါတယ်။
လက်ဖက်စိုက်ခင်းများ
ကင်မရွန်းတောင်တန်းတွေရဲ့ အထင်ရှားဆုံး အမှတ်သင်္ကေတကတော့ လက်ဖက်စိုက်ခင်းတွေပါပဲ။ စိမ်းစိုလန်းဆန်းတဲ့ လက်ဖက်ချုံတန်းတွေကို ကမ်းပါးယံအတိုင်း အလှပဆုံး မြင်ကွင်းနဲ့ ရှုစားနိုင်ပြီး လက်ဖက်စက်ရုံ လည်ပတ်နေပုံနဲ့ Tea House မှာ လက်ဖက်ရည် သုံးဆောင်နိုင်ပါတယ်။
စတော်ဘယ်ရီခြံများ
စတော်ဘယ်ရီခြံတွေကို ကိုယ်တိုင်သွားလည်ရင်း စတော်ဘယ်ရီ ခူးနိုင်သလို စတော်ဘယ်ရီနဲ့ ပြုလုပ်ထားတဲ့ ရေခဲမုန့်၊ ဖျော်ရည်နဲ့ မုန့်မျိုးစုံကိုလည်း မြည်းစမ်းနိုင်ပါတယ်။ မိသားစုလိုက် ကိုယ်တိုင် စတော်ဘယ်ရီသီး ခူးဆွတ်တာလိုမျိုး ပျော်စရာ လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်ပါတယ်။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။