တစ်ပွဲ ပြား (၂၀) ခေတ်ကစရောင်းခဲ့တဲ့ ရန်ကင်းမြို့ရဲ့ သက်တမ်းရင့်မုန့်ဆိုင်လေးပါ။

စမူဆာသုပ်ကောင်းကောင်းလေးစားချင်သူတွေအတွက် ဘိုးစဉ်ဘောင်ဆက် မိသားစုအမွေအနှစ်အဖြစ် လက်ဆင့်ကမ်းဖွင့်လာခဲ့တဲ့ အရသာလည်းကောင်းပြီး စားသုံးသူတိုင်း အကြိုက်တွေ့စေတဲ့ ရန်ကင်းမြို့နယ်အတွင်းက မိုးကောင်းစမူဆာသုပ်ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။



တစ်ပွဲကို ပြား (၂၀) ခေတ်က စခဲ့တဲ့ စမူဆာသုပ်လေး

ဒီဆိုင်လေးကို လက်ရှိဖွင့်လှစ်ထားသူ ကိုမင်းမင်းရဲ့ အဘိုးအဘွားတွေခေတ်ကတည်းက ဖွင့်လှစ်ထားတာ အခုဆို နှစ် (၆၀) ကျော်ရှိနေပါပြီ။ စဖွင့်ကတည်းက ရန်ကင်းမြို့နယ်မှာဖြစ်ပြီး အခုချိန်ထိတိုင်အောင် ရေရှည်ရပ်တည်နေနိုင်တဲ့ဆိုင်လေးပါ။ အဘိုး၊အဘွားတွေခေတ်က တစ်ပွဲကို ပြား (၂၀) ခေတ်က စခဲ့ပြီး ကိုမင်းမင်းလက်ထက်မှာတော့ တစ်ပွဲကို (၁၅) ကျပ် လောက်နဲ့စရောင်းခဲ့တာလို့ ဆိုပါတယ်။

“ ဟိုတုန်းကတော့ စတီးဇွန်းတောင်မပေါ်သေးဘူး။ စက်မှု (၁) က ထုတ်တဲ့ ကြွေရည်သုတ်ပန်းကန်လေးတွေနဲ့ ရောင်းခဲ့တာ။ ကျွန်တော့် အဘိုးအဘွားတွေ ရောင်းတဲ့ လက်ရာအတိုင်းဖြစ်အောင် အမြဲထိန်းသိမ်းတယ်” လို့ ကိုမင်းမင်းကဆိုပါတယ်။

နှစ် (၆၀) ကျော်ထိ ဘာကြောင့်ရပ်တည်နေနိုင်တာလဲ။

နှစ် (၆၀) ကျော်အထိ စမူဆာသုပ်လေးရဲ့ လက်ရာက အခုထိမပြောင်းလဲဘဲ ကောင်းမွန်နေဆဲပါ။ စမူဆာနဲ့ ဗယာကြော် ကြွပ်ကြွပ်ရွရွလေးကို ပဲလုံး၊ ကြက်သွန်နီ၊ ဂေါ်ဖီ၊ ပူစံနံတို့ ထည့်ပြီး ပဲဟင်းရည်လေးဆမ်းကာ အရသာမှုန်၊ မဆာလာ၊ ငရုတ်သီးမှုန်နဲ့ ငရုတ်သီးတောင့်လေးတွေနဲ့ စားရတာကိုက ဒီဆိုင်လေးရဲ့ အားသာချက်ပါ။ အကြော်တွေက ဘယ်တော့မှ ပျော့နေတာမျိုးမရှိဘဲ ပဲဟင်းရည်လေးနဲ့ ချဉ်ငံစပ်အရသာလေး တွဲဖက်စားသုံးတဲ့အခါ အစပ်အဟပ်တည့်နေတာပါ။

“ စမူဆာသုပ်မှာ အကြော်ရော ပဲဟင်းရည်ရော ကောင်းမှပေါ့။  စမူဆာအကြော်ဆိုရင် မီးအရမ်းပြင်းလို့မရ၊ မီးအရမ်းပြင်းရင် ဘာဖြစ်လဲဆိုတော့ ကျက်တော့ကျက်တယ်။ အထဲမှာ ပျော့သွားတယ်။ ကျွန်တော်ကြော်တာကတော့ မီးအေးအေးနဲ့ ကြော်ထားတော့ အမြဲတမ်း ကြွပ်နေတာ။ မီးပြင်းရင် အကြော်က ကြွပ်ပြီးတော့ အထဲမှာပျော့သွားရင် စားမကောင်းတော့ဘူး။  ပဲရည်ကိုလည်း အရသာကိုကောင်းအောင် လုပ်တယ်။ အရသာကို ကောင်းအောင် အမြဲတမ်း စေတနာထားပြီးလုပ်တယ်။ ဘယ်အရာမှာမဆို ဘယ်စားအစာပဲ ဖြစ်ဖြစ် စေတနာပါမှ ကောင်းမှာပါ။” ဆိုင်ရှင်ကိုမင်းမင်းက ဆိုပါတယ်။

လမ်းဘေးဆိုင်လေးဆိုပေမယ့် သန့်ရှင်းမှုကို ဦးစားပေး

ဆိုင်လေးက လမ်းဘေးပလက်ဖောင်းမှာ ရောင်းတယ်ဆိုပေမယ့် ဆိုင်မှာသုံးတဲ့ပစ္စည်းတွေအားလုံးကို သန့်ရှင်းအောင် အသုံးပြုတယ်လို့ဆိုပါတယ်။ အသီးအရွက်တွေဆိုလည်း လတ်လတ်ဆတ်ဆတ်နဲ့ ဟင်းခတ်မှုန့် ဘူးတွေက အစ သန့်ရှင်းအောင်ထားတယ်လို့ ပြောပါတယ်။

“ ဈေးရောင်းတယ်ဆိုတာ သန့်ရှင်းမှပဲစားကြတာလေ။ ဘယ်လောက်ကြီးပဲ ကောင်းကောင်းညစ်ပတ်နေရင် ဘယ်သူမှမစားပါဘူး။ အဓိက ရောင်းမယ့်ပစ္စည်းကို သန့်ရှင်းအောင်ထားပါတယ်။ ” လို့ ကိုမင်းမင်းက ဆိုပါတယ်။

တစ်နေ့ (၂) သိန်းနီးပါးလောက်ရောင်းရတဲ့ဆိုင်လေး

လက်ရှိမှာတော့ စမူဆာသုပ်တစ်ပွဲကို (၁၇၀၀) ကျပ်ပါ။ မိသားစုတစ်ခုလုံး ဒီဆိုင်လေးက ရတဲ့ဝင်ငွေနဲ့ ရပ်တည်နေနိုင်တာဖြစ်ပြီး ချမ်းသာဖို့တော့ မမျှော်လင့်ဘူးလို့ဆိုပါတယ်။

“ တစ်နေ့ကိုတော့ ပွဲ (၁၀၀) ကျော်လောက်ရောင်းရတယ်။ (၁) သိန်း (၂) သိန်းနီးပါးဖိုးလောက်တော့ ရတာပေါ့။ ဒီလိုရောင်းကောင်းတာကလည်း အမြဲတမ်းအားပေးနေတဲ့ စားသုံးသူတွေကြောင့်ပါ။ စားသုံးသူတွေပြန်ပြောတာက ဒီ လက်ရာကိုကြိုက်တယ်၊ အကြော်လေးတွေလည်းကောင်းတယ်၊သူတို့ပါးစပ်ထဲမှာ ခံတွင်းတွေ့တယ်ပေါ့။ ” လို့ဆိုပါတယ်။

စမူဆာသုပ်မြည်းစမ်းချင်သူတွေအတွက်

ဒီဆိုင်လေးကတော့ ရန်ကင်းမြို့နယ် မိုးကောင်းမှတ်တိုင် အနီးမှာတစ်ဆိုင်၊ ဆယ့်နှစ်လုံးတန်းမှာ တစ်ဆိုင် စုစုပေါင်း (၂) ဆိုင်ဖွင့်လှစ်ထားပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လယ် (၂) နာရီကနေ ညနေ (၆) နာရီဝန်းကျင်လောက်ထိ ရပြီး ရန်ကင်းမြို့နယ်တစ်ဝိုက်မှာယူသူတွေကိုတော့ ပို့ဆောင်ပေးတယ်လို့သိရပါတယ်။ ဒါကြောင့်မို့ အရသာကောင်းပြီး စမူဆာသုပ်ကြိုက်သူတွေအတွက် ဒီဆိုင်လေးကိုသွားစားကြည့်ကြဖို့ ညွှန်းပေးလိုက်ပါတယ်နော်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က