ပလက်စတစ်အမှိုက်တွေ များပြားလာတာကြောင့် မြိတ်ကျွန်းစုက ခရီးစဉ်တွေမှာ ဖန်ပုလင်းကိုပဲပြောင်းလဲအသုံးပြုမှာဖြစ်တယ်လို့ မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်တွေကပြောပါတယ်။
photo- Myint Than
မြိတ်ကျွန်းစုတွေအပေါ်မှာ ပလက်စတစ်အမှိုက်လျော့ချရေးအတွက် ခရီးသွားကုမ္ပဏီတွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အစည်းအဝေးခေါ်ယူတိုက်တွန်းထားပြီးတော့ ဒီဇင်ဘာလကနေစတင်လုပ်ဆောင်တာဖြစ်ပါတယ်။
“ အမှိုက်က တအားများလာတယ်။နောက်ပြီးရေစီးကြောင်းနဲ့ပါလာတာမှာ လူလုပ်တဲ့အမှိုက်တွေများတယ်။ခရီးစဉ်တစ်ကြောင်းမှာ ရေသန့်ဘူးအသေးသုံးဘူးလောက်သောက်တယ်။ ခရီးစဉ်တစ်ကြောင်းဆို အမှိုက်အိတ်က သုံးအိတ်လောက်ရှိတယ်။ အဲ့လိုဖန်ဘူးတွေကိုလည်း ပြန်ပေးလိုက်မှာဧည့်သည်ကို ။အခုတော့ အမှိုက်တွေကို ကျွန်းပေါ်မထားဖို့နဲ့ ပြန်သယ်လာဖို့ လည်းလုပ်နေတယ် ” လို့ Mergui Dolphin ခရီးသွားက မန်နေဂျာ ဦးမြင့်သန်းကပြောပါတယ်။
ခရီးသွားတွေအနေနဲ့ ကျွန်းပေါ်လည်ပတ်မှုက အရင်ထက်ပိုများလာတာဖြစ်ပြီးတော့ ပလက်စတစ်ရေသန့်ဘူးအမှိုက်တွေက အများဆုံးဖြစ်နေတာကြောင့်ဒီလို လုပ်တာဖြစ်တယ်လို့ ပြောပါတယ်။ ပလက်စတစ်ဘူးတွေကို အသုံးပြုမယ့်အစားဖန်ပုလင်းနဲ့အစားထိုးဖို့ အတွက်ကျွန်းစုခရီးသွားကုမ္ပဏီတွေကစတင်ပြင်ဆင်နေပြီလို့လည်း သိရပါတယ်။