ကိုင်စီဒိုရဲ့ ဖျက်ထုတ်မှုကြောင့် မာတင်နယ်လီဟာ ၁၈ မိနစ်မှာပဲ လူလဲခဲ့ရပါတယ်။

ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒိုဟာ အသင်းဖော်မီတိုမာနဲ့ ဘောလုံးယှဉ်လုရင်း တွန်းထိုးမှုလုပ်ခဲ့တဲ့ အာဆင်နယ်တိုက်စစ်ကစားသမား မာတင်နယ်လီကို လက်စားချေဖျက်ထုတ်မှုတွေ လုပ်ခဲ့တယ်လို့ ဆိုနေကြပါတယ်။ မနေ့က ကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်တို့ ၃-၀ နဲ့ အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ပြီး မာတင်နယ်လီကတော့ ပွဲကစားချိန် ၁၈ မိနစ်မှာပဲ လူစားလဲလှယ်ခဲ့ရပြီး အကာအကွယ်ဖိနပ်ကို စီးခဲ့ရတာပါ မြင်တွေ့ခဲ့ရပါတယ်။ 

ပွဲချိန်အစောပိုင်းအတွင်း မီတိုမာနဲ့ မာတင်နယ်လီတို့က လေထဲမှာ ဘောလုံးယှဉ်လုရင်း မာတင်နယ်လီက မီတိုမာကို လက်နဲ့ရိုက်ခဲ့တယ်လို့ ယူဆရပါတယ်။ အဆိုပါ ဖြစ်ရပ်အတွက်တော့ မာတင်နယ်လီက အရေးယူမခံခဲ့ရဘဲ လွတ်မြောက်ခဲ့ကာ ပရိသတ်အများအပြားကတော့ အနီကတ်တောင် ပြသခဲ့သင့်တယ်လို့ တွစ်တာမှာ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ 

ဒီနောက်မှာတော့ ကိုင်စီဒိုဟာ မာတင်နယ်လီကို ကြောက်မက်ဖွယ်ရာကောင်းတဲ့ ဖျက်ထုတ်မှုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ ဖျက်ထုတ်မှုကြောင့် မာတင်နယ်လီ လဲကျခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မာတင်နယ်လီဟာ ဆက်ကစားပေးဖို့အတွက် ကြိုးစားခဲ့ပေမယ့်လည်း အခြေအနေမဟန်တော့တာကြောင့် လူစားလဲလှယ်ခဲ့ရပြီး ပွဲအပြီးမှာ သူ့ကို အကာအကွယ်ဖိနပ်စီးထားတာပါ မြင်တွေ့ခဲ့ရတာပါ။ 

မာတင်နယ်လီကို ဖျက်ထုတ်ပြီးနောက် ကိုင်စီဒိုနဲ့ မီတိုမာတို့ဟာ လက်ဝါးချင်းရိုက်နှုတ်ဆက်ခဲ့ကြပါတယ်။ ဒါဟာ မီတိုမာက ကိုင်စီဒိုကို ဂုဏ်ပြုခဲ့တာလို့ အာဆင်နယ်ပရိသတ်တွေက ယုံကြည်နေပြီး ဂျပန်ကစားသမားအတွက် သူတို့ကစားသမားက လက်စားချေခံရတာလို့လည်း ပြောဆိုခဲ့ကာ ဒေါသထွက်နေခဲ့ကြပါတယ်။ 

အာဆင်နယ်နည်းပြ အာတီတာကတော့ မာတင်နယ်လီရဲ့ ဒဏ်ရာကို စကင်န်ဖတ်စစ်ဆေးရမယ်လို့ ပြောဆိုခဲ့ပြိး အခြေအနေကြည့်ကာ ဆုံးဖြတ်ရမယ်လို့ ပြောသွားခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ မာတင်နယ်လီ မကစားနိုင်တော့ဘူးဆိုရင် တိုက်စစ်ပိုင်းမှာ အားနည်းမှုတွေ ရှိလာခဲ့မှာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က