ဒီနှစ်သွေးလွန်တုပ်ကွေးရာသီမှာ နည်းနည်းထူးခြားလာတာကတော့ ‘တုပ်ကွေးကာကွယ်ဆေး’ ထိုးချင်တဲ့ မိဘတွေများလာတာပဲဖြစ်ပါတယ်။

တုပ်ကွေးကာကွယ်ဆေးက အကျိုးရှိတာ အမှန်တကယ်ဖြစ်ပါတယ်။ ဒါပေမယ့် တုပ်ကွေးကာကွယ်ဆေးဟာ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးတော့ မဟုတ်ပါဘူး။ 

ကလေးမိဘအများစုကတော့ တုပ်ကွေးဆေးထဲမှာ သွေးလွန်တုပ်ကွေးပါဝင်နေတယ်လို့ ထင်မှတ်မှားနေတတ်ကြပါတယ်။ တချို့မိဘတွေကတော့ သွေးလွန်တုပ်ကွေးကာကွယ်ဆေးထိုးပေးပါလို့ အတိအကျတောင်းဆိုနေကြတာမျိုးတွေ ရှိနေပါတယ်။

ဒီအကြောင်းကို ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာရဲမြင့်ကျော်က

"တချို့မိဘတွေကတော့ သွေးလွန်တုပ်ကွေးကာကွယ်ဆေးထိုးပေးပါလို့ အတိအကျတောင်းဆိုနေကြတာမျိုးတွေ ရှိနေပါတယ်။ ဒါဟာ ဝေါဟာရပြဿနာတစ်ခုဖြစ်ပါတယ်။ မြန်မာအခေါ်အဝေါ်အရ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အဖျားအတော်များများကို တုပ်ကွေးလို့ သိမ်းကျုံးခေါ်တတ်ကြပါတယ်။ ဆေးပညာမှာတော့ တုပ်ကွေးဆိုတာကို Influenza ရောဂါကို ဘာသာပြန် စကားလုံးအနေနဲ့ အသုံးပြုထားခြင်းသာ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးဆိုတာကတော့ တုပ်ကွေးဆိုတဲ့ နာမည်ပါနေပေမယ့် လည်း Influenza နဲ့ လားလားမှ မသက်ဆိုင်ပါ။  သွေးလွန်တုပ်ကွေးဟာ Dengue လို့ ခေါ်တဲ့ Virus ကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ကြက်၊ငှက်၊ဝက်တုပ်ကွေး၊စပိန်တုပ်ကွေး ၊ဟောင်ကောင်တုပ်ကွေး ၊ ကမ္ဘာ့ လူတုပ်ကွေး စသဖြင့် ပေါ်ခဲ့ဖူးသမျှ တုပ်ကွေး အားလုံးလိုလို Influenza ရဲ့ မျိုးကွဲများတွေ ဖြစ်ပါတယ်။" လို့ Duwun ကို ပြောပါတယ်။

ဒီတုပ်ကွေးတွေဟာ သွေးလွန်တုပ်ကွေးမဟုတ်ပါ။ ဒါ့ကြောင့် ထွက်ရှိနေတဲ့ တုပ်ကွေးကာကွယ်ဆေးကို ထိုးလိုက်ရုံနဲ့ သွေးလွန်တုပ်ကွေးကို မကာကွယ်နိုင်တာကို သတိချပ်စေချင်ပါတယ်။ 

"သွေးလွန်တုပ်ကွေး ကာကွယ်ဆေးမပေါ်သေးဘူးလို့တော့ ပြောလို့မရပါဘူး။ အသုံးချနိုင်တဲ့ အဆင့်အထိ မရောက်သေးဘူးလို့ ပြောရမှာဖြစ်ပါတယ်။ 

ဘာ့ကြောင့်လဲဆိုတော့ Sanofi Pasteur ကုမ္ပဏီက သွေးလွန်တုပ်ကွေး ကာကွယ်ဆေး တီထွင်နေတာ အောင်မြင်ပြီး စသုံးလို့ရတဲ့ အဆင့်ထိတော့ ရောက်ရှိနေပြီဖြစ်ပါတယ် ။ 

ပြဿနာလေးတွေ နည်းနည်းရှိနေသေးတဲ့အတွက် ခဏပြန်ရပ်ထားတာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးကြောက်ပြီး သွေးလွန်တုပ်ကွေးကာကွယ်ဆေး ထိုးလိုတယ်ဆိုရင် ထိုးလို့ရပါတယ်။ ဒါပေမယ့်လည်း အကောင်းမွန်ဆုံး စိတ်အချရဆုံး အချိန်ကို ရောက်မှသာ ထိုးကြဖို့ ပြောကြားချင်ပါတယ်" လို့ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဒေါက်တာရဲမြင့်ကျော် ကတော့ ပြောပါတယ်။

Share

Loading Next Article...
က္က