သတ်သေခဲ့တဲ့ သမီးရည်စားနှစ်ဦးက လွန်ခဲ့တဲ့ (၃)လလောက်က ခိုးပြေးထားပြီး နှစ်ဘက်မိဘတွေက သဘောမတူလို့ ပြန်လည်ခွဲထားတဲ့ စုံတွဲလည်းဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့နယ်မှာ ခိုးရာလိုက်ပြေးထားတဲ့ သမီးရည်စားနှစ်ဦးကို နှစ်ဖက်မိဘတွေက သဘောမတူလို့ ပြန်လည်ခွဲထားတာကြောင့် သမီးရည်စားနှစ်ဦးလုံး အဆိပ်သောက်ပြီးသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ ယောက်ျားလေးဖြစ်သူက အရင်ဆုံးအဆိပ်သောက်သေဆုံးခဲ့တာဖြစ်ပြီး ကောင်မလေးကပါ အဆိပ်လိုက်သောက်ပြီး သေဆုံးခဲ့တာပါ။
“ ဒီဖြစ်ရပ်က ဟုတ်ပါတယ်။ သမီးရည်းစားနှစ်ယောက်လုံး အဆိပ်သောက်ပြီးသတ်သေသွားတာ။ သေစေနိုင်တဲ့ဆေးတွေပေါ့ဗျာ။ သူတို့ကပြီးခဲ့တဲ့ (၂)လ (၃)လလောက်က ခိုးပြေးထားတဲ့ သူတွေလို့ မိဘတွေရဲ့ပြောပြချက်အရတော့သိရပါတယ်။ ခိုးရာလိုက်ပြေးထားတာကို မိဘတွေက သဘောမတူလို့ဆိုပြီး ပြန်ခွဲထားတာ။ နှစ်ယောက်လုံးရဲ့ အလောင်းကို မနေ့ကဆေးရုံက ထုတ်သွားပြီ” လို့ တွံ့တေးမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
သမီးရည်းစားနှစ်ယောက်လုံးက ဒီဇင်ဘာလ(၂)ရက်နေ့ ညပိုင်းက အဆိပ်သောက်သေဆုံးခဲ့ရာမှာ ကောင်လေးသေဆုံးကြောင်းသိသိချင်း ကောင်မလေးက ကောင်လေးဆီကိုသွားတွေ့ပြီး အပြန်အိမ်အရောက်မှာ သူပါအဆိပ်သောက်သတ်သေခဲ့တာပါ။
သေဆုံးခဲ့တဲ့ သမီးရည်စားနှစ်ယောက်လုံးက အသက်(၂၀)ဝန်းကျင်အရွယ်တွေဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတ်သေသွားတဲ့ သမီးရည်းစားနှစ်ယောက်လုံးကို သေမှုသေခင်းနဲ့ တွံ့တေးမြို့မရဲစခန်းမှာ အမှုဖွင့်ထားတာပဲဖြစ်ပါတယ်။