မြန်မာနိုင်ငံက ထိပ်တန်းမင်းသားတစ်ဦးဖြစ်တဲ့ နေတိုးနဲ့ မြန်မာလူမျိုး ဂျပန်အဆိုတော်၊ သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ မိုရီဆာကီဝင်းတို့ဟာ မကြာခင်မှာ ရုပ်ရှင်အတူတူ ရိုက်ကူးတော့မှာပါ။ သူတို့နှစ်ဦး တွေ့ဆုံမှုက ပရိသတ်တွေအတွက် အသစ်အဆန်းတစ်ခု ဖြစ်စေမှာ အမှန်ပါပဲ။
မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ နေတိုးနဲ့ မိုရီဆာကီဝင်းတို့ဟာ ၂၀၁၉ခုနှစ်ထဲမှာ ရုပ်ရှင်အတူတူ ရိုက်ဖို့အတွက် ပြင်ဆင်လို့ နေပါတယ်။ Myanmar Media 7 ကနေ သူတို့နှစ်ဦးရိုက်ကူးမယ့် ဇာတ်အတွက် ပြင်ဆင်ပေးနေပြီး နေတိုးကိုယ်တိုင်ကလည်း ဒီဇာတ်ကားအတွက် ရင်ခုန်နေတယ်လို့ ဆိုပါတယ်။
“Media 7 က ကြိုးစားနေတယ်။ ရိုက်ဖို့အတွက်တော့ အကုန်လုံးအဆင်ပြေတယ်။ သဘောမတူစရာ အကြောင်းလည်း မရှိဘူး။ ကျွန်တော်တို့အနေနဲ့ အရမ်းလည်း ရင်ခုန်တယ်။ ပရိသတ်တွေအနေနဲ့ ကြည့်ချင်မယ်လို့ ထင်တယ်”လို့ နေတိုးက ဇွန်လ(၇) ရက်နေ့က ပြုလုပ်တဲ့ Scotch ပွဲမှာ ပြောပြခဲ့တာပါ။
Photo : နေတိုး
ဇာတ်ကားရိုက်ကူးဖို့အတွက် ပထမအကြိမ် ရေးထားတဲ့ ဇာတ်မှာ ဆင်ဆာပိုင်းအရ အနည်းငယ် ငြိနေတာကြောင့် ဇာတ်ညွှန်းဆရာဘက်က ဇာတ်အသစ်ထပ်ရေးပေးနေတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားဟာ သူတို့နှစ်ဦးအတွက် ကာရိုက်တာ အပြောင်းအလဲတွေ ရှိနိုင်မယ့် ဇာတ်ကားတစ်ခု ဖြစ်မယ်လို့ နေတိုးက ပြောပါတယ်။
“ဇာတ်လမ်းကတော့ ကျွန်တော်တို့နှစ်ယောက်စလုံးရဲ့ ကာရိုက်တာကို ချိန်းသွားစေမယ့် ဇာတ်လမ်းမျိုးပဲ ဖြစ်မှာပါ။ ဒါရိုက်တာက သြရသဖြစ်တယ်။ ကျွန်တော်တို့နဲ့ လိုက်ဖက်မယ့် ဇာတ်ကောင်ဆိုတာထက်ကို ကျွန်တော်တို့ ကိုယ်တိုင်က တကယ်ကို စိန်ခေါ်မှုများစွာနဲ့ အရမ်းကြီး ကြိုးစားရမယ့် ဇာတ်ကောင်မျိုး ဖြစ်ဖို့ ၉၀ ရာခိုင်နှုန်းလောက်များပါတယ်။ အဲ့လိုမျိုးဘက်ကိုပဲ ဦးတည်ထားတယ်။ ကိုယ်နဲ့ လိုက်တဲ့ ဇာတ်ရုပ်တွေကို လုပ်ခဲ့တာများပြီ။ဆိုတော့ ကိုယ်နဲ့ မလိုက်ဖက်တဲ့ဇာတ်ကောင်တစ်ခုကို လိုက်ဖက်အောင်ကြိုးစားခွင့် ကြိုးစားဖို့ ပိုများပါတယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
Photo : အဝင်း
နေတိုးက မိုရီဆာကီဝင်းနဲ့ အပြင်မှာ မဆုံဖူးသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း မိုရီဆာကီဝင်းရဲ့ အင်တာဗျူးတွေကြည့်ပြီး အဝင်းဟာ အရမ်းပျော်တတ်တဲ့ သူတစ်ဦးဖြစ်ပြီးလူတွေကို ပျော်ရွှင်စေတဲ့ လူတစ်ယောက်လို့ မြင်မိတယ်လို့ နေတိုးက ပြောပါတယ်။ ဆက်လက်ပြီးတော့ အဝင်းအပေါ် သူ့ရဲ့ အမြင်လေးကိုလည်းယခုလို ပြောပြသွားပါသေးတယ်။
“သူက အရမ်း ပျော်တတ်တယ်။ ပေ့ါပေ့ါပါးပါးနဲ့။လူတွေကို ပျော်ရွှင်စေတဲ့ လူတစ်ယောက်လို့ မြင်ပါတယ်။ ကာရိုက်တာတစ်ခုကို သရုပ်ဆောင်ကိုတော့ မကြည့်ဖူးသေးဘူးပေ့ါနော်။ ဒါပေမယ့်လည်း သူ့ရဲ့ အပြင်ပုံစံကို ကြည့်ခြင်းအားဖြင့် အရမ်းပျော်ရွှင်စရာကောင်းပါတယ်။ ကျွန်တော်အနေ သူ့ရဲ့ အင်တာဗျူးတွေ ခဏခဏ ကြည့်ရတယ်။ အင်တာဗျူးဖြေရင် သူ့စိတ်ကို မြင်ရတယ်။ လူတစ်ယောက်က စကားပြောကြည့်လိုက်တယ်ဆိုရင်ပဲ အတွင်းစိတ်ကို သိသာစေတယ်ဆိုတော့ သူရဲ့ စိတ်က ဖြူစင်ပြီးတော့မှ ပျော်ရွှင်စရာကောင်းတဲ့ စိတ်အခံရှိတယ်။ နောက်ပြီးတော့ သူလုပ်တဲ့အလုပ်တိုင်ကို စေတနာပါမိနေတယ်လို့ ကျွန်တော်မြင်တယ်" လို့ သူက ဆိုပါတယ်။
Photo : နေတိုး
သူတို့နှစ်ဦးရဲ့ ဆုံဆည်းမှုကတော့ ပရိသတ်တွေအတွက် အသစ်အဆန်း ဖြစ်စေမှာ အမှန်ပါပဲ။ ယင်းရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ သြရသက ပုံဖော်ရိုက်ကူးမှာ ဖြစ်ပြီး ၂၀၁၉ခုနှစ်ထဲမှာ ရိုက်ကူးဖြစ်မယ်လို့ သိရပါတယ်။
နေတိုး(Nay Toe)က အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသားတစ်လက် ဖြစ်ပါတယ်။ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာ ရုပ်ရှင်ပွဲတော် က ချီးမြငိ့တဲ့ The Best Actor ဆုကို မဟူရာ ရုပ်ရှင်ရုံ ရုပ်ရှင်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။
Photo : အဝင်း
အဝင်းက မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံမှာ ကြီးပြင်းလာတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီနောက် ဂျပန်နိုင်ငံမှာပဲ PrizmaX ဆိုတဲ့ Boys Band နဲ့ အတူ အနုပညာအလုပ်တွေလုပ်နေတာပါ။ အဝင်းပါဝင်တဲ့ PrizmaX ဂီတအဖွဲ့ကလည်း ဂျပန်နိုင်ငံမှာ လူငယ်အကြိုက် အောင်မြင်လျှက်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာလည်း အနုပညာအလုပ်တွေ လုပ်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလျက်ရှိပါတယ်။
Share