မျက်နှာပြင်ဖတ် နည်းပညာအပေါ် စိုးရိမ်မှုတွေ ရှိနေပါတယ်

သန်းရာနဲ့ ချီတဲ့ အင်တာနက် သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စိစစ်ဖို့ တရုတ်အစိုးရဟာ မျက်နှာပြင်ဖတ် နည်းပညာ သုံးလာပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ အသစ် ထုတ်ပြန်လိုက်တဲ့ ဥပဒေတစ်ခုအရ မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေ စာရင်းသွင်းသူတွေဟာ မျက်နှာစကင်ဖတ်မှု လုပ်ဆောင်ရမယ်လို့ ပါရှိပါတယ်။ဒီဇင်ဘာလ ၁ ရက်နေ့က စလို့ ကျင့်သုံးနေတဲ့ ဒီဥပဒေအရ မိုဘိုင်းဒေတာသဘောတူစာချုပ်ချုပ်ဆိုဖို့ စာရင်းသွင်းသူတွေဟာ အမျိုးသားမှတ်ပုံတင်ကဒ်တင် ပြရမှာ မဟုတ်ဘဲ ID မှန်ကြောင်း အတည်ပြုဖို့ မျက်နှာစကင်ဖတ်ရမယ်လို့ South China Morning Post သတင်းက ဆိုပါတယ်။


Photo: Nikkei Asian Review

ဒီဥပဒေကို ပြီးခဲ့တဲ့ စက်တင်ဘာလက ကြေညာခဲ့တာ ဖြစ်ပြီး ဆိုက်ဘာနယ်ပယ်အတွင်းမှာ ရှိတဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားကို တရားဝင် ကာကွယ်ဖို့ ရေးဆွဲတာ ဖြစ်တယ်လို့ တရုတ်အစိုးရ စက်မှုနဲ့ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဥပဒေသစ်ဟာ SIM Card လက်လွှဲပြန်‌ရောင်းမှုအဖြစ်ကို ရှောင်လွှဲဖို့နဲ့ အခိုးခံရတဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဖုန်းဝန်ဆောင်မှုတွေ မှတ်ပုံတင်မှုကိ တားမြစ်ဖို့ ရည်ရွယ်ပါတယ်။

တစ်ချို့ကတော့ ဒီဥပဒေသစ်ဟာ ဖုန်းနဲ့ လိမ်လည်တဲ့ အမှုအခင်းတွေ လျော့ပါးစေမယ်လို့ ယုံကြည်နေပြီး တစ်ချို့ကလည်း အစိုးရရဲ့ နိုင်ငံသားတွေပေါ် ပိုမိုတင်းကြပ်လာတဲ့ စောင့်ကြည့်မှုတစ်ခုအဖြစ် ရှုမြင်နေပါတယ်။ တရုတ်နိုင်ငံမှာ အင်တာနက်သုံးသူ အများစုဟာ စမတ်ဖုန်းနဲ့ သုံးနေကြတာ ဖြစ်လို့ ဖုန်းသစ်ဝယ်တာ ၊ မိုဘိုင်းလ်ဒေတာစာချုပ်တွေ စာရင်းပေးသွင်းရာမှာ မျက်နှာစကင်နဲ့ မှတ်ပုံတင်ခြင်းဟာ နိုင်ငံသားတွေရဲ့ ဒီဂျစ်တယ်အသိုင်းအဝိုင်းကို ထိထိရောက်ရောက် ထိန်းချုပ်လိုက်တာလို့လည်း ဆိုနိုင်ပါတယ်။

Photo: SCMP


တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ မျက်နှာပြင်ဖတ်နည်းပညာကို အတွင်ကျယ်ဆုံး သုံးနေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ တရုတ်အစိုးရဟာ နိုင်ငံရဲ့ လူဦးရေ စစ်တမ်းကောက်ရာမှာလည်း မျက်နှာပြတ်ဖတ်နည်းပညာ အသုံးပြုထားပါတယ်။ ၂၀၁၉ နှစ်ဆန်းပိုင်းမှာပဲ တရုတ်နိုင်ငံ ရှန်းကျန့်မှာ ရှိတဲ့ Futian ဘူတာရုံမှာ မျက်နှာပြင်ဖတ်စနစ်နဲ့ ပိုက်ဆံကောက်တဲ့ စနစ် စမ်းသပ်ထားပါတယ်။

လက်ရှိအချိန်မှာ တရုတ်နိုင်ငံက ဒါဇင်နဲ့ ချီတဲ့ မြို့တွေရဲ့ မြေအောက် ရထားလိုင်းတွေမှာ မျက်နှာပြင်ဖတ်စနစ်ကို အသုံးပြုနေပြီလို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ လာမယ့် ၂၀၂၀ မှာ စောင့်ကြည့်ရေးသုံး CCTV ကင်မရာပေါင်း သန်း ၄၀၀ အထိ သုံးသွားဖို့ ရှိပြီး မျက်နှာပြင်ဖတ်နည်းပညာနဲ့ စောင့်ကြည့်မှုအပေါ် ပြည်သူတစ်ချို့ဟာ စိုးရိမ်မှု မြင့်တက်နေပါတယ်။

Share

Loading Next Article...
က္က