နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပြန်လည်ကစားတော့မယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာခဲ့ပါပြီ။ အိုဝင်က ပွဲစဉ် (၃၂)အတွက် ခန့်မှန်းပေးထားခဲ့ရာမှာ အသင်းကြီးတွေရဲ့ ပွဲစဉ်အပေါ် ခန့်မှန်းပေးထားခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ဖူလ်ဟမ် - မန်စီးတီး
ဖူလ်ဟမ်ကတော့ မန်စီးတီးနဲ့ ကစားခဲ့တဲ့ နောက်ဆုံး (၇)ပွဲလုံးကို အရေးနိမ့်ထားခဲ့တာပါ၊ ဒီအတွက် စနေနေ့အစောဆုံးပွဲအဖြစ် ကစားမယ့် ဒီပွဲမှာ ချန်ပီယံအသင်းကိုလည်း သူတို့ကျော်ဖြတ်နိုင်မယ်လို့ ကျွန်တော်တော့ မမြင်မိဘူး။ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာ ဖူလ်ဟမ်က
ခြေစွမ်းကောင်းခဲ့ပါတယ်၊ ဒါပေမယ့်လည်း နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲ (၁၁)ပွဲမှာ အနည်းဆုံးတစ်ပွဲကို (၂)ဂိုးပေးခဲ့ရပြီး ဂွာဒီယိုလာရဲ့ အသင်းက လန်ဒန်မှာ နောက်ထပ်နိုင်ပွဲရသွားမှာ အံ့အားသင့်စရာတော့ မရှိပါဘူး။ ဖူလ်ဟမ် ၁-၃ မန်စီးတီးပါ။
ယူနိုက်တက် - ဝက်ဖို့ဒ်
ဝက်ဖို့ဒ်က အိုးထရက်ဖို့ဒ်မှာ သရေ (၂)ပွဲ နဲ့ ရှုံးပွဲ (၉)ပွဲ ကြုံထားပြီး ဘယ်တုန်းကမှ အနိုင်မရခဲ့ဖူးပါဘူး၊ အာဆင်နယ်ကို ပရီးမီးယားလိဂ်မှာ ရှုံးခဲ့တာ၊ ဝုလ်ဗ်ကို အက်ဖ်အေဖလားပွဲမှာ ရှုံးခဲ့တာကနေ ယူနိုက်တက်တို့ ပြန်ရုန်းထွက်လာမယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်၊ ဒီရာသီမှာ
ယူနိုက်တက်က အိမ်ကွင်းမှာ ပေးဂိုးမရှိပွဲ (၂)ပွဲပဲ ရှိခဲ့ပါတယ်။ တစ်ပွဲက လီဗာပူးလ်နဲ့ပါ။ ဒါပေမယ့်လည်း ဝက်ဖို့ဒ်ကတော့ ဒီပွဲမှာ ဂိုးသွင်းနိုင်မယ်လို့ ကျွန်တော် ခံစားမိနေပါတယ်။ ထိပ်ဆုံးလေးသင်းစာရင်းကို ဝင်ဖို့အတွက်တော့ ယူနိုက်တက်က နိုင်ပွဲရအောင် ကစားသွားပါလိမ့်မယ်။
ယူနိုက်တက် ၂-၁ ဝက်ဖို့ဒ်ပါ။
ကာဒစ် - ချယ်လ်ဆီး
၂၀၁၉ ခုနှစ်မှာ ဖူလ်ဟမ်က လိဂ်အဝေးကွင်းရှုံးပွဲအများဆုံးဖြစ်ပြီး ဖူလ်ဟမ်ပြီးရင် ချယ်လ်ဆီးပါပဲ။ စုစုပေါင်း (၅)ပွဲကစားခဲ့ရာမှာ (၄)ပွဲအထိ ချယ်လ်ဆီးက ရှုံးခဲ့တာပါ။ ဆာရီရဲ့ အသင်းအနေနဲ့ ဂွတ်ဒီဆင်ပါ့ခ်မှာလည်း ရှုံးပွဲကြုံခဲ့ရပေမယ့် ပထမပိုင်းမှာ အခွင့်အရေးတွေ အများကြီး
ရခဲ့တာပါ။ ကာဒစ်နဲ့ ကစားမယ့်ပွဲမှာတော့ သူတို့တွေ ဒီလိုအမှားမျိုး ပြန်ပြီးတော့ ကျူးလွန်မှာမဟုတ်တော့ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကာဒစ် ဝ-၂ ချယ်လ်ဆီးပါ။
လီဗာပူးလ် - တော့တင်ဟမ်
စပါးနဲ့ ရင်ဆိုင်ပြီး နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေးပွဲ အိမ်ကွင်း (၂၄)ပွဲမှာ လီဗာပူးလ်က တစ်ပွဲသာ ရှုံးခဲ့တာပါ။ တနင်္ဂနွေညနေခင်းမှာ ကစားမယ့် ပွဲမှာလည်း အနိုင်ယူပြီးတော့ လီဗာပူးလ်က ဇယားထိပ်မှာ ဆက်ရှိနေဦးမယ်လို့ ကျွန်တော် ထင်ပတါယ်။ အိမ်ကါင်းမှာ (၃၆)ပွဲအထိ
လီဗာပူးလ်က ရှုံးပွဲမရှိထားပဲ စပါးကတော့ နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲမှာ နိုင်ပွဲမရှိခဲ့ပါဘူး။ ဒီအတွက်လည်း သူတို့ရဲ့ အမှတ်ပေးဖလားရည်မှန်းချက်က ပြီးဆုံးသွားခဲ့ပါပြီ။ လီဗာပူးလ်အနိုင်ရမယ့် ဒါပေမယ့် ဂိုးတော့ပြတ်မှာမဟုတ်ပါဘူး။ လီဗာပူးလ် ၃-၂ စပါးပါ။
အာဆင်နယ် - နယူးကာဆယ်
အာဆင်နယ်က နယူးကာဆယ်နဲ့ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း (၆)ပွဲလုံးကို အနိုင်ရထားတာပါ။ တစ်ပွဲကိုလည်း ပျမ်းမျှ (၃)ဂိုး သွင်းထားတာကိုလည်း တွေ့ရပါတယ်။ နယးကာဆယ်က ဘုန်းမောက်နဲ့ပွဲမှာ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်က ၂၀၁၉ မှာ အိမ်ကွင်းပွဲတိုင်းကို အနိုင်ကစားတဲ့ အသင်း (၃)သင်းထဲက တစ်သင်းဖြစ်နေတာပါ။ ပြီးတော့ အီးမရိတ်စ်မှာ ကစားခဲ့တဲ့ နောက်ဆုံးအမှတ်ပေးပွဲ (၉)ပွဲကိုလည်း အနိုင်ရထားပါသေးတယ်။ အာဆင်နယ် ၂-၀ နယူးကာဆယ်ပါ။