နိုင်ငံရဲ့ ယဉ်ကျေးမှုအရ သင်ကြားရတဲ့ဆရာဆရာမတွေမှာ အခက်အခဲရှိနိုင်တယ်လို့ ပြောပါတယ်။

ဒဿမတန်းကျောင်းသုံးစာအုပ်မှာပါဝင်တဲ့ ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်ထဲက မျိုးဆက်ပွားကျန်းမာရေးသင်ခန်းစာတွေကို သင်ကြားနိုင်ဖို့ ဆရာဆရာမတွေကို သင်တန်းတွေ ပို့ချထားပြီး သင်ကြားလိုတဲ့ ဆရာဆရာမတွေကိုသာ ရွေးချယ်မယ်လို့ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း Duwun ကိုပြောပါတယ်။

လက်ရှိမှာ သင်ရိုးညွန်းတမ်းသစ်အကြောင်း ဆရာဆရာမတွေကို သင်တန်းပို့ချပေးရာမှာ အဆိုပါ မျိုးဆက်ပွား ကျန်းမာရေးသင်ခန်းစာတွေလည်းပါဝင်နေပြီး ကလေးတွေကို လက်တွေ့သင်ကြားပေးရတဲ့အခါမှာ ဒီနိုင်ငံရဲ့ ယဉ်ကျေးမှု ထုံးစံအရ ဆရာဆရာမတွေအနေနဲ့ အခက်အခဲရှိနိုင်တယ်လို့ ဦးကိုလေးဝင်းက ဆိုပါတယ်။

“ ကျွန်တော်တို့ ဆရာဆရာမတွေကို သင်တန်းပေးပြီးရင်တောင် အခက်အခဲရှိပါတယ်။ အရမ်း အရှက်အကြောက်ကြီးတဲ့ ဆရာဆရာမတွေ ဆိုရင် သင်ရတာခက်ခဲနိုင်တယ်။ ဒီလိုခက်ခဲနိုင်တာဖြစ်တဲ့အတွက် သင်ဖို့ တကယ်လိုလိုလားလားရှိတဲ့ဆရာဆရာမတွေကို ကျောင်းအုပ်တွေဘက်က ရွေးချယ်ဆုံးဖြတ်ပေးရမှာပေါ့” လို့ ဦးကိုလေးဝင်းက ဆိုပါတယ်။

သင်ကြားတဲ့အခါမှာလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ မျိုးဆက်ပွားကျန်းမာရေးကဏ္ဍအတွက် လုပ်ဆောင်နေတဲ့ INGO နဲ့ NGO အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို ရယူမှာ ဖြစ်တယ်လို့ သိရပါတယ်။

မျိုးဆက်ပွားကျန်းမာရေးသင်ခန်းစာမှာပါဝင်တဲ့ “ ထွန်းထွန်းနှင့်ချိုချို” ဆိုပြီး ဥပမာပြု ရေးသားထားတဲ့ အကြောင်းအရာတွေကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေတာနဲ့ ပတ်သက်လို့ ဒါတွေဟာ ယဉ်ကျေးမှုအရ မဖော်ပြသင့်တဲ့ အရာတွေ၊ ကလေးတွေ အတုယူမှားမယ်ဆိုပြီး မြင်ကောင်းမြင်နိုင်တယ်ဆိုပေမယ့် အမြင်ကျယ်ကျယ်နဲ့ ကြည့်ကြဖို့ လိုအပ်ကြောင်း ဦးကိုလေးဝင်းက ဆိုပါတယ်။

“ တစ်ချို့ဝေဖန်တာတွေ ပြောဆိုတာတွေလည်း တွေ့နေရပါတယ်။ကျွန်တော့်အနေနဲ့ ပြောချင်တာက ဒီသင်ခန်းစာတွေနဲ့ ပတ်သက်ရင် ဝေဖန်လို့ရတယ်။ သုံးသပ်လို့ရတယ်။ အမြင်မတူရင်လည်း မတူတဲ့အမြင်တွေကို ချပြလို့ရပါတယ်။ ဒါပေမယ့် တစ်နည်းအားဖြင့် ပြောရင် negative point of view နဲ့ကြည့်ပြီး အမြဲတမ်းအပြစ်တင်တာမျိုး မဖြစ်စေချင်ပါဘူး။နိုင်ငံတကာမှာ ဘယ်လိုလုပ်ထားလဲ လေ့လာစေချင်ပါတယ်။ အများအားဖြင့်တော့ ကျွန်တော်တို့ အပြုသဘောနဲ့ကြည့်ပြီးကလေးတွေအတွက် အကျိုးကို လက်ခံပေးစေချင်တယ်။” လို့ ဆိုပါတယ်။

ဒါ့အပြင် ဘဝတွက်တာကျွမ်းကျင်စရာထဲမှာ မျိုးဆက်ပွားကျန်းမာရေးတစ်ခုတည်းမဟုတ်ဘဲ ကျန်းမာရေးကဏ္ဍ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ဆယ်ကျော်သက်အရွယ်မှာ သတိထားရမယ့် အကြောင်းအရာတွေ စတဲ့ ကဏ္ဍမျိုးစုံပါဝင်နေပြီး ကလေးတွေရဲ့ ဘဝတစ်သက်တာအတွက် အရေးကြီးတဲ့ ကဏ္ဍတစ်ခုအဖြစ် သင်ကြားရတာလို့ ဆိုပါတယ်။

“Sex education ဆိုတဲ့အသုံးအနှုန်းကို မသုံးစေချင်ဘူး။ Sex လို့ ပြောလိုက်ရင် လိင်ပညာပေးဆိုပြီးလူတွေက မြင်တယ်။ ကျွန်တော်တို့က reproductive health education လို့ ပဲ သုံးတယ်။ မျိုးဆက်ပွား ကျန်းမာရေးအသိပညာပေး အစီအစဉ်ပေ့ါနော်။ အဲဒီအစီအစဉ်နဲ့ ပတ်သက်တဲ့သင်ခန်းစာတွေပေါ့။ ဒါတွေက Life Skill မှာ လိုတာပေါ့။ ကျန်းမာရေးနဲ့ပတ်သက်တာ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ကလေးတွေရဲ့ ဖွံဖြိုးမှုနဲ့ပတ်သက်တာ၊ ဒါတွေကို ကိုယ့်ကိုကိုယ်သိရမယ်။ ဒါမှ ဆောင်ရန် ရှောင်ရန်တွေကို သူတို့သိမှာလေ။ အဲတော့ ဒါတွေက အရေးကြီးတယ်။” လို့ ဆိုပါတယ်။

အဆိုပါ သင်ရိုးညွန်းတမ်းကို ရေးဆွဲရာမှာလည်း ပညာရေးသုတေသနစီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာနက သင်ရိုးအဖွဲ့၊ ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်အသီးသီးက အတတ်သင်ပညာရေးက ဆရာဆရာမတွေ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကျန်းမာရေးပညာရှင်တွေ၊ ပြည်သူ့ကျန်းမာရေးပညာရှင်တွေ၊ ကူးစက်ရောဂါပညာရှင်တွေ ၊ နိုင်ငံတကာမှ အကြံပေးတွေ အားလုံးပူးပေါင်းရေးဆွဲထားတာဖြစ်ကြောင်း၊ အဲဒီကတစ်ဆင့် အမျိုးသားသင်ရိုးညွန်းတမ်းကော်မတီထံကို ပေးပို့ပြီး အဲဒီကတစ်ဆင့် အမျိုးသားပညာရေးမူဝါဒကော်မရှင်ရဲ့ လမ်းညွှန်မှုနဲ့ ပညာရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ဝေထားတာဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က