ငလျင် အန္တရာယ်ကျရောက်လာရင် လူထုက အရေးပေါ်ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ဖို့ အသိပညာပေးလုပ်ငန်းတွေ၊ ဇာတ်တိုက်လေ့ကျင့်ခန်းတွေကို ရန်ကုန်တိုင်း မြို့နယ် (၇) ခုမှာ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုကို ပထမဆုံးအကြိမ် လုပ်ဆောင်နေပြီလို့ သိရပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ ၁၆ ရက်မှာတော့ မဟာဗန္ဒုလပန်းခြံမှာ ငလျင်လှုပ်နေစဉ်ဖြစ်ပေါ်လာနိုင်တဲ့ တုန်ခါမှုနဲ့ ထိခိုက်နိုင်ခြေတွေကို ပြသထားတဲ့ သရုပ်ဖော်ပြခန်း၊ ငလျင်လှုပ်ရင် ဘယ်လိုနေထိုင်ရမလဲဆိုတဲ့ လက်တွေ့လေ့ကျင့်ခန်း၊ ကယ်ဆယ်ရေးသရုပ်ပြခန်းတွေ၊ အမေးအဖြေအစီအစဉ်တွေနဲ့ ကျင်းပခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက်ကနေ ဖေဖော်ဝါရီ ၂၂ ရက်နေ့အထိ သန်လျင်၊ဒဂုံဆိပ်ကမ်း၊လှိုင်သာယာ၊ ကျောက်တန်း၊ တောင်ဥက္ကလာ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တို့မှာလည်း အသိပညာပေးဟောပြောပွဲတွေ၊ ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းတွေကို ဆောင်ရွက်သွားမယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစံကုန်းက ပြောပါတယ်။
"ပြည်သူတွေက ငလျင်နဲ့ ပတ်သက်တဲ့ဗဟုသုတတွေသိမှ ဖြစ်လာခဲ့ရင် ငလျင်လှုပ်တဲ့အခါကျရင် ဘယ်လိုရှောင်မလဲ။ ကာကွယ်မလဲ၊ ဘယ်လိုထွက်ပြေးတိမ်းရှောင်မလဲဆိုတာ သိမယ်။ ဒါကြောင့် အစိုးရဌာနတွေ အဖွဲ့အစည်းတွေ ပေါင်းပြီး ဆောင်ရွက်တာပါ။ "လို့ ဦးစံကုန်းက ပြောပါတယ်။
ရန်ကုန်မြို့ဟာ အရှေ့ဘက်မှာ စစ်ကိုင်းပြတ်ရွေ့ကြော ၊ အနောက်ဘက်မှာ ဒေးဒရဲပြတ်ရွေ့ကြောနဲ့ နီးကပ်နေပြီး မြေအောက်မှာလည်း ပြတ်ရွေ့တွေ များစွာရှိတဲ့အတွက် ငလျင်လှုပ်ခတ်နိုင်ခြေရှိတယ်လို့ ငလျင်ပညာရှင် ဒေါ်လှလှအောင်က ပြောပါတယ်။
“ ရန်ကုန်ဟာ စစ်ကိုင်းပြတ်ရွေ့ကြောနဲ့နီးကပ်တယ်။ ဒါကြောင့် ဒီပြတ်ရွေ့ကြောတစ်လျှောက် ငလျင်လှုပ်ခတ်လာခဲ့ရင် ရန်ကုန်ကို လာပြီး ထိနိုင်တယ်။ အဲဒီအတွက် အန္တရာယ်ရှိတယ်။ ပြည်သူလူထုက ကြိုတင်ပြင်ဆင်ခြင်းလုပ်မယ်ဆိုရင် ရေတို၊ရေရှည်ရှိတာပေါ့။ ရေတိုကတော့ မိမိကိုယ်ကို မိမိကာကွယ်ရမယ်။ အိမ်ကို ဘယ်လိုခိုင်ခန့်အောင်လုပ်ရမလဲဆိုတာတွေပေါ့။ ရေရှည်ဆိုရင်တော့ အစိုးရပါ ပူးပေါင်းပါဝင်ရမယ်။” လို့ ဒေါ်လှလှအောင်က ဆိုပါတယ်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ တစ်နိုင်ငံလုံးမှာ ငလျင်လှုပ်ခတ်မှု ၁၆၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်မှာ ၃၄ ကြိမ်၊ ချင်းပြည်နယ်မှာ ၉ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၆၅ ကြိမ်၊ တနင်္သာရီတိုင်းမှာ ၁ ကြိမ်၊ နေပြည်တော်မှာ ၇ ကြိမ်၊ မကွေးတိုင်းမှာ ၁၂ ကြိမ်၊ မန္တလေးတိုင်းမှာ ၂ ကြိမ်၊ ပဲခူးတိုင်းမှာ ၈ ကြိမ်၊ ရှမ်းပြည်နယ်မှာ ၁၅ ကြိမ်၊ ရန်ကုန်တိုင်းမှာ ၁ ကြိမ်၊ ရခိုင်ပြည်နယ်မှာ ၉ ကြိမ်၊ ဧရာဝတီတိုင်းမှာ ၆ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။