ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပြည်သူတွေအနေနဲ့ကျေနပ်မှုမရှိရင် အကြောင်းအရာနဲ့တကွတိုင်ကြားနိုင်သလို ဖွံ့ဖြိုးရေးအတွက်လုပ်ဆောင်နေတဲ့သူတွေကို အကုန်လုံးခြုံငုံပြီး မကောင်းဘူးလို့ မစွပ်စွဲဖို့ မြို့တော်ဝန်ကပြောပါတယ်။
မြို့တော်ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မတိုးတက်လာဘူးထင်တဲ့အရာကို အကြောင်းအရာနဲ့တကွ တင်ပြတိုင်ကြားလာတာတွေရှိရင်တော့ ဝန်ထမ်းစည်းမျဉ်းအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
“ စည်ပင်အနေနဲ့ လုပ်နေတာ ဘာမှမထူးပါဘူး ဘာညာဆိုပြီး ကျွန်တော့်ကိုမပြောပါနဲ့။ ဒါကျွန်တော်မကြိုက်ဆုံးသောအရာပဲ။ ဘာမှမထူးဘူးဆိုပြော။အကြောင်းအရာနဲ့တကွတင်ပြပြီးပြော။ အကုန်လုံးကိုတော့ မထူးပါဘူး၊ မကောင်းပါဘူးဆိုပြီး စွပ်စွဲပြီးတော့မပြောနဲ့လေ။ ဘာဖြစ်ဖြစ် ပြောပါ၊ တိုင်ပါ”ဆိုပြီး မြို့တော်ဝန် ဦးမောင်မောင်စိုးက မြို့တော်စည်ပင်သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။
မြို့တော်ဖွံ့ဖြိုးရေး လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ပြည်သူတွေထံကတိုင်ကြားလာရင် ကျေနပ်တဲ့အထိ ကျူးလွန်တဲ့ သူကို အရေးယူဆောင်ရွက်တာတွေရှိပြီး ဒီအတွက် အစိုးရလုပ်နေတာလို့ မြို့တော်ဝန်ကပြောပါတယ်။ မြို့တော်စည်ပင်ဝန်ထမ်းတွေနဲ့ပတ်သက်လို့ ၂၀၁၂မတိုင်ခင်ကတည်းက အကျင့်ပျက်ခြစားခဲ့တဲ့ဝန်ထမ်းတွေကို အရေးယူဆောင်ရွက်လျှက်ရှိတယ်လို့သိရပါတယ်။ အဲဒီထဲမှ လုပ်ငန်းငွေကိုအလွဲသုံးစားလုပ်ခဲ့တဲ့ ဝန်ထမ်းကိုအရေးယူခဲ့ပြီး ထောင်ကျတဲ့အထိရှိခဲ့တယ်လို့သိရပါတယ်။