မိခင်တစ်ယောက်ရဲ့ မေတ္တာတွေ စေတနာတွေကို နားလည်သွားပါပြီ။

သဉ္ဇာနွယ်ဝင်းက ကိုယ်ဝန်စလွယ်ချိန်ကစပြီး မိခင်ရဲ့ မေတ္တာကို နားလည်လာခဲ့သလို ကိုယ်တိုင် အမေဖြစ်လာမှ အမေတွေကို ကိုယ်ချင်း စာတတ်သွားခဲ့တဲ့အကြောင်းနဲ့ မိခင်အပေါ် ပြုလုပ်ခဲ့မိတဲ့အပြစ်အပေါ်လည်း ဝန်ချတောင်းပန်ခဲ့ပါတယ်။

 

သဉ္ဇာနွယ်ဝင်းဟာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်နဲ့အတူ သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူတစ်ဦး ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းဟာ ၂၀၁၇ခုနှစ် နိုဝင်ဘာ(၆) ရက်နေ့က မက်မွန်သီးလေးကို မွေးဖွားလာပြီးတဲ့နောက် အတွေးအမြင်တွေလည်း ပြောင်းလဲလာကြောင်းကို Duwun media ရဲ့ သီးသန့်အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

“အရင်တုန်းက မိခင်တွေက ကိုယ့်သားသမီးကို ချစ်တယ်ဆိုတာလောက်ပဲ သိတာ ။ သူတို့ ဘယ်လို ပုံစံမျိုးနဲ့ ချစ်တာ။ဘယ်လောက်ထိချစ်တာဆိုတာမျိုးကို သိပ်ပြီး နားမလည်ဘူး။ အခုသဉ္ဇာအနေနဲ့ မိခင်တစ်ယောက် ဖြစ်လာတဲ့အချိန်မှာ ကိုယ့်ရဲ့ သားကို ကိုယ်ချစ်တဲ့အချစ်က ကိုယ့်အမေကိုယ့်ကို ချစ်တဲ့ အချစ်နဲ့ အတူတူပဲ ဆိုတာ ခံစားမိတယ်။ ကိုယ်သားသမီး တစ်ခုခုဖြစ်ရင် ကိုယ့်ပဲ ဖြစ်လိုက်ချင်တယ်။ သူတို့ဖျားတာကအစ မခံစားနိုင်ဘူး။ကိုယ်ကိုတိုင် အမေဖြစ်သွားတဲ့ အချိန်မှာ အမေတွေကို ကိုယ်ချင်းစာတတ်သွားတယ်။ ကိုယ်ဝန်စလွယ်တဲ့အချိန်ကစပြီးတော့ပေ့ါ။ မိခင်တစ်ယောက် ဖြစ်ရတာ မလွယ်ဘူးဆိုတာ သိလာတာ” လို့ သူမက ဆိုပါတယ်။

 


Photo : သင်ဇာနွယ်ဝင်း

မိခင်ရဲ့ မေတ္တာတွေကို နားလည်လာတာနဲ့အမျှ ငယ်ရွယ်စဉ်က မိခင်မျက်ရည်ကျအောင် လုပ်ခဲ့မိတာလေးတွေကို ပြန်တွေးတိုင်း စိတ်မကောင်းဖြစ်ပြီး နောင်တရမိတယ်လို့ ဆိုပါတယ်။

“သဉ္ဇာက ကိုယ့်မိဘကိုကြောက်တတ်တယ်။ တော်ရုံတန်ရုံဆိုရင်လည်း ပြန်မပြောတတ်ဘူး။ ဆူတဲ့ဒဏ်ကိုလည်း သဉ္ဇာက မခံနိုင်ဘူး။မပြောတာတွေ အရမ်းများလာတဲ့အခါကျတော့ တစ်ခါတလေကျတော့ ပေါက်ကွဲတယ်။ အဓိကတော့ သဉ္ဇာက အပြင်အရမ်းထွက်ချင်တာ။ ဒါပေမဲ့ သဉ္ဇာမှာက ရှုတင်ပြီးရင်အိမ် ဘယ်မှမသွားရတာ။ သဉ္ဇာက ကော်ဖီဆိုင်လေးထိုင်တာတို့ဘာတို့လုပ်ချင်တာပေ့ါနော်။ သူငယ်ချင်းတွေနဲ့လည်း ပေးမသွားဘူး။ တစ်ခါတုန်းကဆို အမေနဲ့ အဖေကို ပြန်ပြောမိတာ။အပြင်ထွက်ချင်တဲ့ စိတ်တစ်ခုတည်းနဲ့ပဲ။ အပြင်ထွက်ခွင့်ရဖို့ ပြောခဲ့တာလေးပေ့ါ။ အဲ့ဒါလေးကို ပြန်စဉ်းစားမိတိုင်း တကယ်စိတ်မကောင်းဘူး။ အမေကို ငိုအောင်လုပ်မိတာပေ့ါနော်။ သူလည်းစိတ်မကောင်းဖြစ်သွားတာပေ့ါ။ သူဒီလောက်လုပ်ပေးရင်းနဲ့ အပြင်ထွက်ဖို့ တစ်ခုတည်းနဲ့ သူ့သမီးက သူ့ကို ပြန်ပြောတော့စိတ်မကောင်းဖြစ်ပြီး ငိုတာပေ့ါ။ ပြန်စဉ်းစားမိရင် စိတ်မကောင်းဘူး။ အခုချိန်မှာ ကိုယ့်သားသမီးက ကိုယ့်ကိုပြောလာရင်လည်း စိတ်မကောင်းဖြစ်မိမှာ။ အမေ့ကိုလည်းတကယ်တောင်းပန်ပါတယ်” ဆိုပြီး ဝမ်းနည်းစွာ ရင်ဖွင့်ခဲ့ပါတယ်။

Photo : သင်ဇာနွယ်ဝင်း

ဒါကြောင့်လည်း သူမရဲ့ ပရိသတ်တွေကို မိခင်ရဲ့ စကားနားထောင်ဖို့ကိုလည်း အကြံပေးစကားလေး ပြောပြခဲ့ပါသေးတယ်။

“အဓိက သဉ္ဇာရဲ့ မိန်းကလေး ပရိသတ်တွေကို ပြောချင်တာက တစ်ချိန်မှာ ကိုယ်တွေလည်း အမေဖြစ်လာဆိုတော့ ကိုယ့်မိဘအပေါ်မှာ ပြန်မပြောမိပါစေနဲ့လို့။ မိဘဆိုတာ ကိုယ့်ကို မကောင်းတဲ့ နေရာဘယ်တော့မှ မပို့ဘူး။ အဓိကတော့ အမေပေ့ါ။ အမေဆိုတာ ကိုယ့်ကို ဝမ်းနဲ့ လွယ်ပြီးမွေးခဲ့တာဆိုတော့လေ ကိုယ့်အမေက ပြောတဲ့စကားအကုန်လုံးက ၁၀၀မှာ ၉၀ ရာခိုင်နှုန်းလောက် ကိုယ့်အတွက်ပဲလေ။ အဲ့အတွက် အမေ့စကားကို နားထောင်ဖို့ အကြံပေးချင်ပါတယ်။ မိဘဆိုတာကတော့ ကိုယ့်သားသမီးကို အကောင်းဆုံးဖြစ်အောင် လမ်းပြတဲ့သူတွေပါ” ဆိုပြီး မိန်းကလေးပရိသတ်တွေအတွက် ပြောပြခဲ့တာဖြစ်ပါတယ်။

သဉ္ဇာနွယ်ဝင်းက အိမ်ထောင်ကျကတည်းက အနုပညာအလုပ်တွေ ရပ်နားလိုက်ပြီး အိမ်ထောင်ရှင်မဘဝကို ခံယူနေခဲ့သူဖြစ်ပါတယ်။ သားသမီး ၃ ဦးအထိ ယူမယ်လို့ စဉ်းစားထားတဲ့ ကလေးချစ်တဲ့ သူမက သားဦးလေးဖြစ်တဲ့ မက်မွန်သီး (ခ) ကျော်မျိုးမြင့်ကို အရိပ်တကြည့်ကြည့်နဲ့ အမြဲစောင့်ရှောက်နေသူ ဖြစ်ပါတယ်။ သားလေးကို မေတ္တာအပြည့်ပေးရင်း မိခင်မေတ္တာကို အပြည့်အဝနားလည်သွားပြီဖြစ်တဲ့ သဉ္ဇာနွယ်ဝင်းက မေလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် အမေများနေ့မှာ အမေ့အတွက် မှတ်မှတ်ရရလေး တစ်ခုခု လုပ်ပေးဦးမယ်လို့ Duwun Media ကို ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က