မီးရထား၀န်ထမ်းဘ၀ကနေ စေတနာ့၀န်ထမ်းဖြစ်လာတဲ့ဦးဇော်ထူး ကလမ်းရှင်းပေးတဲ့အလုပ်ကိုလုပ်ငန်းလိုအပ်ချက်အရလုပ်ရင်း စေတနာ့၀န်ထမ်း ဖြစ်လာခဲ့သူပါ။
၀ီစီသံလွင်လွင်နဲ့ လမ်းရှင်းပေးနေသူ
လှိုင်မြို့နယ်ဗဟိုလမ်းမပေါ်ကလမ်းလေးခွဆုံတဲ့ ဘူတာရုံလမ်းမီးပွိုင့်မှာ ၀ီစီသံလွင် လွင်နဲ့ ကားလမ်းရှင်းပေးနေတဲ့ ဦးဇော်ထူးပါ။သူကဒီမီးပွိုင့်မှာ စေတနာ့၀န်ထမ်းလမ်း ရှင်းပေးနေသူတစ်ဦးဖြစ်ပါတယ်။ ဒီလမ်းကိုနေ့စဥ်အသုံးပြုပြီးသွားလာနေရသူတွေ အတွက်ဒီမြင်ကွင်းကပုံမှန်မြင်နေကြမြင်ကွင်းလည်းဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ဦးဇော်ထူးကဒီနေရာမှာ လမ်းရှင်းပေးတာ နှစ်ပေါင်း၃၀ကျော်နေပါပြီ။သူက မီးရထား ၀န်ထမ်းဘ၀ကနေ စေတနာ့၀န်ထမ်းဖြစ်လာသူတစ်ဦးလို့လဲဆိုနိုင်ပါတယ်။
စေတနာ့၀န်ထမ်းဖြစ်လာပုံက
သူ့ အသက်၃၀အရွယ်မှာ မီးရထားဂိတ်စောင့်အဖြစ် ဘူတာရုံလမ်းမီးရထားလမ်းကူး ဂိတ်မှာတာ၀န်ကျရင်းလမ်းရှင်းပေးတဲ့အလုပ်ကို လုပ်ငန်းလိုအပ်ချက်အရလုပ်ကိုင်ခဲ့ တာပါ။အခုတော့ ၀န်ထမ်းဘ၀ကနေပင်စင်ယူလိုက်ပြီဆိုပေမယ့်လည်း စေတနာ့ ၀န်ထမ်းအဖြစ်လမ်းရှင်းပေးတဲ့အလုပ်ကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။
“အသက်၃၀လောက်မှာ ဒီဂိတ်မှာတာ၀န်ကျတယ်။အဓိကကတော့ ရထားလာတဲ့အ ချိန်ရထားလမ်းမှာကားတွေ၊အနှေးယဥ်တွေနဲ့ပိတ်မနေအောင် လမ်းရှင်းပေးရတာ။ အဲ့လိုရှင်းရင်းနဲ့ ရုံးချိန်တွေ၊ကျောင်းချိန်တွေမှာလည်း လမ်းပိတ်နေရင်၀င်ရှင်းပေးရင်း စေတနာ့၀န်ထမ်းလမ်းရှင်းတာကိုလုပ်တာ နှစ်ပေါင်း၃၀နီးပါးလောက်ရှိပြီ။အဓိကက တော့မီးပွိုင့်မလာတဲ့အချိန်တွေနဲ့ မနက်ပိုင်း၊ညနေပိုင်း ကားလမ်းပိတ်ချိန်တွေဆို လမ်းရှင်းတယ်”လို့ ဦးဇော်ထူးကပြောပါတယ်။
လူနေထူထပ်တဲ့ ရပ်ကွက်(၃)ခုဆုံတဲ့နေရာ
ဗဟိုလမ်းမပေါ် ဘူတာရုံလမ်းမီးပွိုင့်နေရာက လူနေထူထပ်တဲ့ ရပ်ကွက်(၃)ခုဆုံတဲ့ နေရာဖြစ်ပါတယ်။ကားလမ်းနဲ့ ရထားလမ်းရဲ့တစ်ဖက်ဆီမှာ စာသင်ကျောင်းနဲ့ မူကြို ကျောင်းတွေရှိတာမို့ ကျောင်းချိန်နဲ့ရုံးချိန်တွေမှာဆိုရင် လူရောယာဥ်ရော ရှုပ်ထွေးတဲ့ နေရာလည်းဖြစ်သလို မီးပွိုင့်မလာတဲ့အခါဆိုရင် လမ်းပိတ်တတ်တဲ့နေရာလည်း ဖြစ်ပါတယ်။ဒါ့ကြောင့် သွားလာသူတွေအခက်ခဲမဖြစ်စေဖို့ ကျောင်းသား ၊ရုံးသမားတွေ ဘေးကင်းကင်းနဲ့ လိုရာခရီးကို အဆင်ပြေပြေသွားလာနိုင်စေဖို့ စိတ်တစ်ခုထဲနဲ့ပဲ လမ်းရှင်းတဲ့အလုပ်ကိုလုပ်တာလို့ဆိုပါတယ်။“ရထားလမ်းရဲ့ ဟိုဘက်၊ဒီဘက် ရပ်ကွက်မှာက မူကြိုရော၊စာသင်ကျောင်းရော ၃ကျောင်းတောင်ရှိတယ်။မနက်၊ညနေတွေ ဆို ကလေးတွေကျောင်းသွားကြ လူကြီးမိဘတွေကလိုက်ပို့နဲ့ဆိုတော့ အဲ့ချိန်တွေဆို လူရော၊ကားရော၊ဆိုက်ကားရော ၊စက်ဘီးရောအသွားအလာများတယ်။မီးပွိုင့်ပျက်ချိန်ဆို ယာဥ်ကျောရှုပ်ထွေးတတ်တော့ အားလုံးဘေးကင်းဖို့စိတ်တခုနဲ့ပဲလုပ်တာပါ”လို့ ဦးဇော်ထူး ကပြောပါတယ်။
စနစ်တကျလမ်းရှင်းပေးဖို့ သူလေ့လာပုံက
လမ်းရှင်းပေးတဲ့အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင်လုပ်ဖို့ ယာဥ်ထိန်းအရာရှိတွေ ရဲ့ လုပ်ပုံကိုင်ပုံကို ၅လလောက်နေ့တိုင်းနီးပါးကြည့်ပြီး မှတ်သားလေ့လာခဲ့တယ်လို့ လည်းသူကပြောပါတယ်။စလုပ်ကာစကတော့ အခက်ခဲတချို့ရှိပေမယ့်လည်း အခုချိန်မှာတော့ သူလမ်းရှင်းပေးတာကို အားလုံးကနားလည်လက်ခံလာကြပြီလို့ လည်းသူကပြောပါတယ်။
စေတနာ၀န်ထမ်းဆိုတဲ့ခံယူချက်
စေတနာ၀န်ထမ်းဆိုတဲ့ခံယူချက်ကိုမြတ်နိုးတာမို့ သူလုပ်နိုင်တဲ့အထိဒီနေရာမှာ လမ်းရှင်းတဲ့အလုပ်ကို ဆက်လုပ်သွားမှာပါလို့ ဦးဇော်ထူးကပြောပါတယ်။နေ့စဥ် မနက်၈နာရီဆိုရင် ဘူတာရုံလမ်းမီးပွိုင့်မှာ လုပ်ရှင်းပေးဖို့ရောက်နေတဲ့ ဦးဇော်ထူးကို တွေ့ရမှာဖြစ်ပါတယ်။