ဆယ်ကျော်သက်အရွယ် သရုပ်ဆောင်ယွန်းယွန်းက သူမရဲ့ အချစ်ရေးကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပါပြီ။ သူမရဲ့ မိဘနှစ်ပါးကလည်း ဒီကိစ္စအတွက် အတင်းအကျပ် သတ်မှတ်ပေးထားတာမျိုး မရှိဘူးလို့ဆိုပါတယ်။
သရုပ်ဆောင် ယွန်းယွန်းက အချစ်ရေးနဲ့ ပတ်သက်ပြီး မကြာခဏထွက်လေ့ရှိတဲ့ သတင်းတွေအပေါ် သူမရဲ့ ခံယူချက်ကို ပြောပြလာပါတယ်။ ဒီသတင်းတွေကိုလည်း ပျော်စရာတစ်ခုအနေနဲ့သာ သတ်မှတ်ထားတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
‘’ကောလာဟလ ထွက်တယ်ဆိုတာကလေ ဒီအရွယ်မှာ ဒီလို Dating News တွေ ထွက်တဲ့အပေါ် ထွေထွေထူးထူး ခံစားမနေတော့ဘူး။ ဒါက ဖြစ်လေ့ဖြစ်ထရှိတယ်လို့ပဲ ညီမတွေးပါတယ်။ ဒီလိုမျိုး ဖြစ်တယ်ဆိုကလည်းက ချစ်လို့ပြောနေကြတာ၊ စိတ်ပူပေးနေကြတာ ဆိုပြီးတော့ ပျော်စရာအနေနဲ့ပဲ သတ်မှတ်လိုက်တယ်’’ လို့ သူကဆိုပါတယ်။
အဲ့ဒီနောက် အချစ်ရေးမှာ ထွေထွေထူးထူး မရှိသေးတဲ့အကြောင်းကိုလည်း သဘောကျရယ်မောရင်း ယွန်းယွန်းက ဖြေဆိုခဲ့ပါသေးတယ်။ We Love တွေကို အသိမပေးဘဲ ရည်းစားမထားဘူးလို့ ဆိုပါတယ်။
‘’ We Love ယွန်းယွန်း Fan တွေကလည်းပြောတယ်။ တကယ်လို့ ရည်းစားရှိရင်လည်း ပွင့်ပွင့်လင်းလင်းပဲနေပါ။ သူတို့က ဘယ်လိုပဲနေနေ ချစ်မှာပဲ ဆိုတဲ့ စကားလေးတွေ ပြန်ကြားရတဲ့အတွက် ညီမ ကံကောင်းတယ်လို့ ခံစားရတယ်ပေါ့နော်။ သူတို့ကိုလည်း ရည်းစားထားရင်ပြောပြမယ်လို့ ပြောထားတယ်။ အခုလည်း ဘာမှ ထွေထွေထူးထူး မရှိသေးဘူး’’ ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။
ယွန်းယွန်းဟာ ဇန်နဝါရီလ ၁၉ ရက်နေ့က အသက် ၁၉ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း မိဘနှစ်ပါးက တင်းတင်းကြပ်ကြပ် သတ်မှတ်ထားတာမျိုး မရှိဘူးလို့ဆိုပါတယ်။
‘’ မေမေက မပိတ်ပင်ဘူး။ ဆင်းရဲချမ်းသာလည်း မရွေးဘူး။ သမီးအပေါ်မှာ တကယ်ချစ်တယ်ဆိုရင်၊ သစ္စာရှိမယ်ဆိုရင် ရတယ်။ ဘယ်လိုလူပဲ ဖြစ်ဖြစ် မေမေ့အရှေ့ကို ခေါ်လာခဲ့ ရတယ်။ ဖေဖေရော၊ မေမေရောက ငယ်ငယ်လေးကတည်းက ညီမကို ဘာတစ်ခုမှ တင်းတင်းကြပ်ကြပ် မလုပ်ခဲ့ဘူး။ ရည်းစားကိစ္စမှ မဟုတ်ဘူးပေါ့နော်’’ လို့ ဆက်လက်ပြောပြလာပါတယ်။
ယွန်းယွန်းကို ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေ အားပေးချစ်ခင်လာတာဖြစ်ပါတယ်။ အခုဆိုရင် ဆယ်ကျော်သက်အရွယ်ကိုရောက်ရှိနေပြီဖြစ်တဲ့ ယွန်းယွန်းဟာ အနုပညာနဲ့ ပတ်သက်ပြီးခေါင်းဆောင်မင်းသမီး အဖြစ် ဇာတ်ကားတွေရိုက်နေပြီ လို့ သိရပါတယ်။