ပရိသတ်တွေအတွက် အနုပညာနဲ့ ပတ်သက်လာရင် အမြဲတမ်း အသစ်အဆန်းလေးတွေ ဖန်တီးပေးတတ်တဲ့ ရဲလေးက မကြာခင်မှာ သူ့ရဲ့ သီချင်းသစ်တစ်ပုဒ်ကို ပရိသတ်တွေလက်ထဲ အရောက်ပို့ပေးတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းအသစ်ကို ဇူလိုင်(၂) ရက်နေ့မှာ YLJK ကနေ တင်ဆက်သွားမှာ ဖြစ်ပြီး သီချင်းနာမည်ကို "Don't Worry" လို့ နာမည်ပေးထားပါတယ်။
ရဲလေးဟာ သီချင်းရေးတဲ့ နေရာမှာသူများနဲ့အတူပဲ အရေးအသားစွမ်းရည်ကောင်းမွန်တာကြောင့် တစ်ပုဒ်ဆို တစ်ပုဒ်ဆိုသလောက် ပရိသတ်တွေရဲ့ ကြားမှာ အောင်မြင်မှု ရရှိနေသူပါ။
ပြီးခဲ့သော လပိုင်းလောက် ထွက်ရှိထားတဲ့ "အသည်းကွဲတယ်ဆိုတာ" ဆိုတဲ့ သီချင်းဆိုရင်လည်း ပရိသတ်တွေ ကြားမှာ အောင်မြင်မှု ရရှိနေတဲ့ သီချင်းဖြစ်ပါတယ်။ ယင်းသီချင်းကို Cover Song ပြန်ဆိုမှုတွေလည်း အများကြီး ရှိခဲ့ပါတယ်။
မကြာခင်လာမယ့် သီချင်းသစ်ဟာလည်း ပရိသတ်တွေကို ဘယ်လောက်တောင် ဆွဲဆောင်နိုင်ဦးမလဲဆိုတာ မကြာခင် တွေ့မြင်ရတော့မှာပါ။
အမာခံပရိသတ်တွေနဲ့ အလှူလုပ်ခဲ့တဲ့ ရဲလေး
ရဲလေးအနေနဲ့ ၂၀၁၈ခုနှစ်ထဲမှာရုပ်ရှင်ဇာတ်ကားကြီးတွေရော၊ သီချင်းသစ်တွေကိုပါ အများကြီး ဖန်တီးနေတာ တွေ့ရပါတယ်။
'' ၂၀၁၈ ခုနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကားတွေရုံတင်ဖို့ရှိတယ်၊ ဇာတ်ကားတွေရိုက်တယ်၊ သီချင်းအသစ်တွေအတွက် အသံသွင်းနေတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ထဲမှာ သီချင်းအခွေအသစ်ထွက်မယ်လေ မထွက်ခင်ကာလမှာလည်း ကျွန်တော်တို့ Page ကနေပြီးတော့ အခွေထဲမှာပါမယ့် သီချင်းလေးတွေကို တစ်ပုဒ်ချင်းစီ တင်ဆက်သွားပါမယ်၊ MTV အသစ်လေးတွေရောပေါ့'' လို့ဆိုပြီး Duwun Media ကို ဖြေဆိုပေးခဲ့ဖူးပါတယ်။
ရဲလေးကတော့ အခုလက်ရှိမှာ YLJK Entertainment ကို ညီဖြစ်သူ ဂျိုကာနဲ့ အတူတွဲပြီး ဦးစီးဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံရိုက်ကူးဖြစ်သလို သီချင်းတွေလည်း ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုဖြစ်နေပါတယ်။