ယူနိုက်တက်တိုက်စစ်မှူးဟောင်းကြီး ရော်နယ်ဒိုကတော့ အသင်းနည်းပြဟောင်း ရန်းနစ်ဂ်၊ လက်ရှိနည်းပြ တန်ဟက်ခ်တို့နဲ့ ပြဿနာတက်ပြီး အသင်းကနေ ထွက်ခွာခဲ့ရတာပါ။ သူက ဆိုးလ်ရှား ကိုင်တွယ်နေချိန်မှာ အသင်းကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။
ဂျူဗင်တပ်စ်ကနေ အံ့အားသင့်ဖွယ် ထွက်ခွာလာတဲ့နောက် ရော်နယ်ဒိုက ယူနိုက်တက်ကို မထင်မှတ်ဘဲ ပြန်ရောက်လာခဲ့ပြီး အသင်းနဲ့သူ့ရဲ့ ရွှေရောင်နေ့ရက်တွေ ပြန်ရောက်လာဖို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့် ထင်ထားသလိုမဖြစ်ခဲ့ဘဲ ဆိုးလ်ရှားလည်း ရာထူးကနေ ထွက်လိုက်ရပါတယ်။
အဲ့ဒီနောက် ရန်းနစ်ဂ် ရောက်လာချိန်မှာတော့ ရော်နယ်ဒိုက ယူနိုက်တက်ရဲ့ အဓိက,ကစားသမား မဟုတ်တော့ပါဘူး။ ရန်းနစ်ဂ်က ရော်နယ်ဒိုကို အလှည့်ကျသာ အသုံးပြုဖို့ ဆန္ဒရှိခဲ့ပြီး ရော်နယ်ဒိုက ဒါကို နည်းနည်းလေးမှ သဘောမကျခဲ့ပါဘူး။
အဲ့ဒါကြောင့်လည်း ရန်းနစ်ဂ်ကို “ကျွန်တော် ငါးပွဲမှာ လေးပွဲတည်း ကစားရမယ်ဆိုရင် မကစားရတဲ့တစ်ပွဲကို ကြိုပြောပါ။ အဲ့ဒီပွဲအတွက်တော့ အရန်ခုံမှာ ထိုင်နေနိုင်မှာ မဟုတ်ဘူး။ အိမ်မှာပဲ တီဗီကနေကြည့်နေမယ်” ရော်နယ်ဒိုက ပြောကြားခဲ့ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။
တန်ဟက်ခ် ရောက်လာချိန်မှာတော့ ရော်နယ်ဒိုနဲ့ ပြဿနာက ပိုမိုဆိုးရွားသွားခဲ့ပြီး ကွင်းတွင်း၊ ကွင်းပြင်မှာ ရုပ်ပျက်ဆင်းပျက်တွေဖြစ်ပြီး ရော်နယ်ဒိုလည်း အသင်းကနေ ထွက်ခွာခဲ့ရပါတယ်။ လက်ရှိမှာတော့ ရော်နယ်ဒိုက ဆော်ဒီကလပ် အယ်လ်နာဆာမှာ ကစားရင်း ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေဆဲဖြစ်ပါတယ်။