Mobile Legends နဲ့ PUBG တို့ရဲ့ မြန်မာ Mobile Esports ပွဲစဉ်တွေ ပြန်လည်စတင်တော့မှာဖြစ်ပြီး အနိုင်ရအသင်းတွေဟာ မက်လောက်စရာဆုကြေးအပြင် နိုင်ငံတကာပြိုင်ပွဲများကို သွားရောက်ယှဉ်ပြိုင်ရမှာပါ။

Mobile Legends နဲ့ PUBG တို့ရဲ့ မြန်မာ Mobile Esports ပွဲစဉ်တွေ ပြန်လည်စတင်တော့မှာဖြစ်ပြီး အနိုင်ရအသင်းတွေဟာ မက်လောက်စရာဆုကြေးအပြင် နိုင်ငံတကာပြိုင်ပွဲများကို သွားရောက်ယှဉ်ပြိုင်ရမှာပါ။


ငြိမ်သက်နေတာ လပိုင်းခန့်ရှိပြီဖြစ်တဲ့ မြန်မာ့ Mobile Esports လောကကို လှုပ်ခတ်နှိုးမယ့် ပြိုင်ပွဲကြီး ၂ ခုကတော့ သိပ်မကြာခင်မှာပဲ ပရိသတ်တွေရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာပါတော့မယ်။ အဲဒီပြိုင်ပွဲ ၂ ခုကတော့ ပြည်တွင်းရဲ့ အကြီးဆုံး Mobile Legends: Bang Bang ပြိုင်ပွဲ MPL Season 4 နဲ့ PUBG Mobile Myanmar Championship တို့ပါပဲ။




Mobile Legends: Bang Bang နဲ့ PUBG Mobile ဂိမ်း ၂ ခုစလုံးဟာ လက်ရှိမြန်မာနိုင်ငံအတွင်းမှာ ကစားသမား အရေအတွက် အများဆုံး ပိုင်ဆိုင်ထားတဲ့ဂိမ်း ၂ ခုဖြစ်သလို လူစိတ်ဝင်စားမှုအများဆုံးဂိမ်းတွေလည်းဖြစ်တာကြောင့် ပြိုင်ပွဲတွေ အကြောင်းကို အထူးတလည်မိတ်ဆက်ပေးစရာမလိုတော့ဘူးလို့ယူဆရပေမယ့် အောက်မှာ အဆိုပါပြိုင်ပွဲတွေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ပြောပြပေးသွားပါမယ်။


MPL SEASON 4

Moonton က မြန်မာနိုင်ငံအတွက်တရားဝင်ကျင်းပပေးခဲ့တဲ့ Mobile Legends: Professional League (MPL) ပြိုင်ပွဲကတော့ ဒီနှစ်မှာ Season 4 ထိရောက်ရှိလို့လာပါပြီ။


ဒီပြိုင်ပွဲက အားလုံးသိတဲ့အတိုင်း ပြည်တွင်းမှာ ဆုကြေးအများဆုံးချီးမြှင့်တဲ့ Esports ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဒီ Season 4 မှာလည်း ဆုကြေးငွေ ဒေါ်လာ ၅၀၀၀၀ (မြန်မာငွေ ကျပ် ၇၂၃ သိန်းကျော်) ချီးမြှင့်မယ့်အပြင် ဒီပွဲရဲ့ ချန်ပီယံနဲ့ First Runner-up အသင်းနှစ်သင်းဟာ ၂၀၂၀ ခုနှစ် အရှေ့တောင်အာရှ MLBB ပြိုင်ပွဲ တက်ရောက်ယှဉ်ပြိုင်ခွင့်ပါ ရရှိနိုင်မှာပါ။


MPL ပြိုင်ပွဲကတော့ ထုံးစံအတိုင်း ပထမအဆင့်လက်ရည်စစ်ပွဲ၊ ဒုတိယအဆင့်လက်ရည်စစ်ပွဲ၊ ပုံမှန်ရာသီပွဲစဉ်နဲ့ Main Event ဆိုပြီး ၄ ဆင့်ကျင်းပသွားမှာပဲဖြစ်ပါတယ်။

အရင် MPL Season 3 မှာတုန်းက ထိပ်ဆုံး ၄ သင်းအဆင့်ဝင်ခဲ့တဲ့ Burmese Ghouls, Team Cyanide, Claw Esports နဲ့ Yangon Galacticos အသင်းတို့ကတော့ Season 4 ရဲ့ပုံမှန်ရာသီပွဲစဉ်အဆင့်ကို တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပြီး အဆင့် ၅ နဲ့ ၆ ရရှိခဲ့တဲ့ Outworld နဲ့ Team Mega Myanmar အသင်းတို့ကတော့ ဒုတိယအဆင့်လက်ရည်စစ်ပွဲကနေ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမှာပဲဖြစ်ပါတယ်။


ဝင်ရောက်ယှဉ်ပြိုင်လိုတဲ့အသင်းတွေအနေနဲ့ မကြာခင်အချိန်တိုအတွင်းမှာ Register ပြုလုပ်နိုင်တော့မှာဖြစ်ပြီး ပထမအဆင့်လက်ရည်စစ်ပွဲတွေကိုတော့ မတ်လထဲမှာကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။


PUBG MOBILE MYANMAR CHAMPIONSHIP


         ဆုကြေးငွေ ကျပ် သိန်း ၅၀၀ တောင်ချီးမြှင့်မယ့် PUBG Mobile Myanmar Championship ပြိုင်ပွဲကြီးဟာလည်း ပရိသတ်တွေရှေ့ကို မကြာခင်မှာရောက်ရှိလို့လာတော့မှာပါ။

ဒီပြိုင်ပွဲကို First Round, Second Round နဲ့ Office Final ဆိုပြီး အဆင့် ၃ ဆင့်ခွဲပြီး ကျင်းပမှာဖြစ်ကာ First Round မှာပါဝင်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့နောက်ဆုံးထားပြီး စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။


First Round အတွက် အသင်းပေါင်း ၁၂၀၀ အထိ လက်ခံသွားမှာဖြစ်လို့ ပါဝင်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ လူပြည့်သွားမှာကို စိတ်ပူစရာမလိုဘဲ အေးအေးဆေးဆေးစာရင်းသွင်းနိုင်မှာပါ။ Second Round မှာတော့ အရင်အဆင့်ကိုကျော်ဖြတ်လာနိုင်တဲ့ အသင်းပေါင်း ၁၂၀ တို့က ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ထိပ်ဆုံး ၁၆ သင်းက ပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့ Office Final ကိုတက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။


Office Final မှာတော့ အရင် PMMC ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ DEUS Esports နဲ့ ဒုတိယရရှိခဲ့တဲ့ T7 Challengers အသင်းတို့ကို တိုက်ရိုက်ဖိတ်ခေါ်ထားပြီး Second Round က ၁၆ သင်းအပါအဝင် စုစုပေါင်း ၁၈ သင်းတို့ ယှဉ်ပြိုင်ဆော့ကစားကြမှာပဲဖြစ်ပါတယ်။


ဆုကြေးငွေအနေနဲ့ ပထမဆု ကျပ်သိန်း ၁၅၀၊ ဒုတိယဆု ကျပ်သိန်း ၁၀၀၊ တတိယဆု ကျပ်သိန်း ၅၀၊ စတုတ္ထဆု ကျပ်သိန်း ၃၀ အစသဖြင့် ၁၈ သင်းစလုံးကို ချီးမြှင့်သွားမှာဖြစ်ပြီး ထိပ်ဆုံး ၄ သင်းကတော့ PMCO SEA Wildcard Final ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကိုပါ ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲကို အနိုင်ရသူတွေဟာလည်း နိုင်ငံခြားပြိုင်ပွဲတွေကို ဆက်လက်တက်လှမ်းနိုင်တဲ့ အခွင့်အရေးရှိနေပါတယ်။


ဒီပြိုင်ပွဲရဲ့ First Round ကို မတ်လ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိလည်းကောင်း၊ Second Round ကို မတ်လ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိလည်းကောင်း၊ Office Final ကို မတ်လ ၂၉ ရက်နေ့မှာလည်းကောင်း ကျင်းပသွားမှာပဲဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က