လက်စတာစီးတီးအသင်းမှာ ခေါင်းကြီးလို့နာမည်ပြောင်ရခဲ့တဲ့ မက်ဂွိုင်းယားဟာ ယူနိုက်တက်ကိုအရောက်မှာတော့ လူသန်ကြီးဆိုတဲ့ နာမည်သစ်ကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်လူ ပေါ့ဂ်ဘာက ချယ်လ်ဆီးကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ နောက်ခံလူမက်ဂွိုင်းယားကို လူသန်ကြီး (The Beast) လို့ နာမည်ပြောင်ပေးသွားခဲ့ပါတယ်။ လက်စတာစီးတီးအသင်းမှာ ခေါင်းကြီးလို့နာမည်ပြောင်ရခဲ့တဲ့ မက်ဂွိုင်းယားဟာ ယူနိုက်တက်ကိုအရောက်မှာတော့ လူသန်ကြီးဆိုတဲ့ နာမည်သစ်ကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။
ချယ်လ်ဆီးနဲ့ကစားခဲ့တဲ့ပွဲက မက်ဂွိုင်းယားရဲ့ ခြေစွမ်းကို ပေါ့ဂ်ဘာက သဘောကျနှစ်သက်နေခဲ့ပြီး ချီးကျူးစကားတွေပြောဆိုခဲ့ပါတယ်။ အသင်းအနိုင်ရရှိဖို့ အရေးပါတဲ့နေရာကနေ မက်ဂွိုင်းယားက ပါဝင်နိုင်ခဲ့ပြီး အထင်ကြီးဖွယ်ရာခြေစွမ်းမျိုးကို ပြသနိုင်ခဲ့တယ်လို့လည်း ပေါ့ဂ်ဘာက ပြောခဲ့တယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။
"သူ့ကို ကျွန်တော် လူသန်ကြီးလို့ပဲ ခေါ်ပါမယ်၊ ရိုးရိုးသားသားပြောရရင် ခင်ဗျားတွေ့ခဲ့ရသလိုပဲ သူက အရမ်းအထင်ကြီးစရာကောင်းခဲ့ပါတယ်၊ သူက ခေါင်းဆောင်တစ်ယောက်ပါ၊ အသင်းလေ့ကျင့်ရေးကွင်းမှာလည်း အရာရာအဆင်ပြေခဲ့ပါတယ်၊ ခံစစ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ဖို့ ကျွန်တော်တို့ ပြောခဲ့ကြပြီး သူက လင်ဒီလော့ဖ်နဲ့အတူ နားလည်မှုရှိရှိကစားနိုင်ခဲ့ပါတယ်"
"အရမ်းကောင်းတဲ့ ပွဲတစ်ပွဲကို သူကစားနိုင်ခဲ့ပါတယ်" လို့ ပေါ့ဂ်ဘာက ချီးကျူးပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကလည်း မက်ဂွဲယားရဲ့ ခြေစွမ်းကို အသိအမှတ်ပြုခဲ့ပြီး ပွဲဦးထွက်မှာပဲ အသင်းကိုဦးဆောင်နိုင်တဲ့ အရည်အသွေးမျိုး ပြသနိုင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။
အဆိုပါပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း မက်ဂွိုင်းယားက ရရှိခဲ့ပြီး အသင်းသစ်မှာ လျင်လျင်မြန်မြန်ပဲ အထိုင်ကျခဲ့ပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံးနောက်ခံလူအဖြစ် ရှိလာခဲ့တဲ့ မက်ဂွိုင်းယားဟာ အားလုံးရဲ့စောင့်ကြည့်ခြင်းကို ခံခဲ့ရပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်ခဲ့ပြီး ခြေစွမ်းပြသွားခဲ့ပါတယ်။