ဆိုးလ်ရှားရဲ့ လာမယ့်နွေရာသီပစ်မှတ်ကစားသမားစာရင်းထဲမှာ မက်ဒီဆန်၊ ဗီလာကွင်းလယ်လူဂရီလစ်ရှ် နဲ့ ဒေါ့မွန်ကစားသမားဆန်ချိုတို့ပါဝင်နေပြီး အင်္ဂလန်ကစားသမား ၃ဦးကို အဓိကပစ်မှတ်ထားနေတာဖြစ်ပါတယ်။
လက်စတာအသင်းကွင်းလယ်လူဂျိမ်းစ်မက်ဒီဆန်က ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ မက်ဂွိုင်းယား၊ မားကပ်စ်ရက်ရှ်ဖို့ဒ်တို့ဟာ သူတွဲဖက်ကစားခဲ့ဖူးတဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံးဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ အင်စတာဂရမ်ကတဆင့် ပြုလုပ်ခဲ့တဲ့ အမေးအဖြေကဏ္ဍမှာ မက်ဒီဆန်က ဖြေဆိုခဲ့တာလည်းဖြစ်ပါတယ်။
မက်ဒီဆန်ရဲ့ ဖြေဆိုမှုနဲ့ပတ်သက်ပြီး ဒါဟာ ကစားသမားအနေနဲ့ လာမယ့်နွေရာသိမှာ ယူနိုက်တက်ကို ပြောင်းရွှေ့နိုင်မယ့် အလားအလာရှိတဲ့ဖြေဆိုမှုဖြစ်တယ်လို့ အင်္ဂလန်သတင်းဌာန Daily Mail က သုံးသပ်ဖော်ပြခဲ့ပါတယ်။ မက်ဒီဆန်ကို ခေါ်ယူဖို့အတွက် ယူနိုက်တက်ဘက်ကလည်း စိတ်ဝင်စားမှုရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။
တွဲဖက်ကစားခဲ့ဖူးတဲ့ ကစားသမားတွေထဲက အကောင်းဆုံးကစားသမားတွေက ဘယ်သူလဲဆိုတဲ့ မေးခွန်းကို မက်ဒီဆန်က "ဗာဒီ၊ ရက်ရှ်ဖို့ဒ်၊ မက်ဂွိုင်းယား၊ ဆန်ချို နဲ့ ဝက်စ်ဟိုလာဟန်" တို့ ဖြစ်တယ်လို့ ဖြေဆိုခဲ့တာလည်းဖြစ်ပါတယ်။ မက်ဒီဆန်ကတော့ နော်ဝှစ်ချ်ကနေ လက်စတာကို ပြောင်းရွှေ့ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ခဲ့ကာ ထိပ်တန်းကွင်းလယ်လူတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့လည်း ဒီရာသီအစမှာ မက်ဂွိုင်းယားကို ပေါင်သန်း ၈၀ နဲ့ လက်စတာကနေ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားရဲ့ လာမယ့်နွေရာသီပစ်မှတ်ကစားသမားစာရင်းထဲမှာ မက်ဒီဆန်၊ ဗီလာကွင်းလယ်လူဂရီလစ်ရှ် နဲ့ ဒေါ့မွန်ကစားသမားဆန်ချိုတို့ပါဝင်နေပြီး အင်္ဂလန်ကစားသမား ၃ဦးကို အဓိကပစ်မှတ်ထားနေတာဖြစ်ပါတယ်။ မက်ဒီဆန်ကတော့ ဒီရာသီမှာ လက်စတာအတွက် ခြောက်ဂိုးသွင်းကာ ၃ကြိမ်ဖန်တီးပေးထားခဲ့ပါတယ်။