ယူနိုက်တက်ကစားသမားတွေရဲ့ ကစားပုံအပေါ် ဒေါသထွက်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဂယ်ရီနဗီးလ်က နယူးကာဆယ်နဲ့ပွဲအပြီးမှာ ယူနိုက်တက်ကစားသမားတွေကို အပြင်းအထန်ဝေဖန်ပြစ်တင်မှုတွေကို ပြုလုပ်သွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လုံလောက်တဲ့စွမ်းဆောင်ရည်ကို မပြသနိုင်ခဲ့ဘဲ အဝေးကွင်းမှာ ရုန်းကန်ခဲ့ရကာ သရေတမှတ်သာရယူနိုင်ခဲ့သလို ခြေစွမ်းကလည်း တော်တော်လေးဆိုးရွားနေခဲ့တာဖြစ်ပါတယ်။ 

အဓိကတိုက်စစ်မှူးရော်နယ်ဒိုတယောက် ဂိုးပေါက်တည့်မှု တကြိမ်တောင်မရှိခဲ့တာကို ကြည့်မယ်ဆိုရင် ယူနိုက်တက်တို့ ဘယ်လောက်ထိရုန်းကန်ရလဲဆိုတာ ထင်ရှားခဲ့တာဖြစ်ပါတယ်။ ရန်းဂ်နစ်ခ်လက်ထက် အဆိုးရွားဆုံးကစားပုံကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ဒုတိယပိုင်းမှာ အပြောင်းအလဲတွေပြုလုပ်ခဲ့ပြီးမှသာ ကစားပုံအနည်းငယ်တိုးတက်လာခဲ့တာလည်းဖြစ်ပါတယ်။ 


ပွဲချိန်တွင်းကစားခဲ့ပုံနဲ့ပတ်သက်ပြီး Sky Sports ရဲ့ တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ နဗီးလ်က "ယူနိုက်တက်ကစားသမားတွေကို ခင်ဗျားကြည့်လိုက်၊ လေထဲ လက်တွေမြှောက်ပြီး ကွင်းထဲမှာ ဘာဖြစ်လာလာ စောဒကလိုက်တက်ဖို့ပဲ လုပ်နေကြတယ်၊ ဘယ်ကစားသမားတွေလဲဆိုတာတော့ ကျနော် နာမည်တပ်မပြောချင်တော့ဘူး၊ တချိန်လုံး ပွစိပွစိနဲ့ စောဒကတက်ချင်နေတဲ့ သူတွေဗျ"

"သူတို့ကြောင့်ပဲ ရှေ့မှာ နည်းပြတယောက် အလုပ်ထုတ်ခံရပြီးပြီ (ဆိုးလ်ရှားကို ရည်ရွယ်)။ အခုလိုပဲ သူတို့တွေ ဒီပုံစံတွေဆက်လုပ်နေဦးမယ်ဆိုရင် နောက်လာမယ့်နည်းပြလည်း အဖြုတ်ခံရဦးမှာပဲ" လို့ ပြောဆိုခဲ့ပါတယ်။ ရန်းဂ်နစ်ခ်ကတော့ ယာယီနည်းပြအဖြစ်နဲ့သာ တာဝန်ယူထားတာဖြစ်ပြီး ဒီရာသီပြီးတာနဲ့ ယူနိုက်တက်က နည်းပြသစ်ခန့်အပ်ရမှာဖြစ်ပြီး နည်းပြသစ်လည်း အဖြုတ်ခံရမယ်လို့ နဗီးလ်က ဒေါသတကြီးပြောဆိုခဲ့တာဖြစ်ပါတယ်။ 

ဒီပွဲရလဒ်ကြောင့် ယူနိုက်တက်တို့ အဆင့် ၄ အတွင်းဝင်ဖို့ကို ရုန်းကန်ရတော့မှာဖြစ်ပြီး အခန့်မသင့်ရင်တော့ လာမယ့်ရာသီ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲနဲ့တောင် ဝေးကွာရကိန်းဆိုက်တော့မှာပါ။ 

Share

က္က