လီဗာပူးလ်အသင်းကို (၂၈)ကိုက်အကွာကနေ သွင်းယူခဲ့တဲ့ လီယွန်နယ်မက်ဆီရဲ့ ဖရီးကစ်သွင်းဂိုးဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဘောလုံးရာသီရဲ့ အကောင်းဆုံးသွင်းဂိုးအဖြစ် ဆန္ဒမဲပေးမှုမှာ အများဆုံးရရှိခဲ့တယ်လို့ သိရပါတယ်။ ဆီမီးဖိုင်နယ်ပထမအကျော့အဖြစ် နူးကမ့်မှာ ကစားခဲ့တဲ့ပွဲမှာ မက်ဆီက အသင်းအတွက် တတိယမြောက်သွင်းဂိုး အဖြစ် သွင်းယူပေးခဲ့တဲ့ ဂိုးဖြစ်ပါတယ်။
ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ အကောင်းဆုံးသွင်းဂိုး (၁၀)ဂိုးကို အစဉ်လိုက်ဖော်ပြခဲ့မှုမှာ မက်ဆီရဲ့ သွင်းဂိုးက ယူနိုက်တက်ကို သွင်းယူခဲ့တဲ့ ရော်နယ်ဒိုရဲ့ သွင်းဂိုးအောက် ဒုတိယနေရာမှာသာ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေရဲ့ ရွေးချယ်မှုမှာတော့ မက်ဆီက ထိပ်ဆုံးမှာ ရှိခဲ့ပြီး ရော်နယ်ဒိုက ဒုတိယနေရာကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၂)ဂိုးအထိ သွင်းယူခဲ့ပြီး ဂိုးအများဆုံးသွင်းနိုင်သူအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အန်ဖီးလ်မှာ လီဗာပူးလ်ကို အရှက်ရဖွယ် (၄-ဝ)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့လို့ ဆီမီးဖိုင်နယ်အဆင့်ကနေပဲ ဘာစီလိုနာအသင်း ထွက်ခွာခဲ့ရပါတယ်။ စပိန်ကိုပါဒယ်ရေးပြိုင်ပွဲမှာလည်း ဗလန်စီယာကို အရေးနိမ့်ကာ ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရလို့ မက်ဆီအတွက်တော့ စိတ်ပျက်စရာဘောလုံးရာသီ ဖြစ်ခဲ့ပါတယ်။
လာလီဂါအမှတ်ပေးဖလား၊ လာလီဂါရွှေဖိနပ်ဆု၊ ဥရောပရွှေဖိနပ်ဆု နဲ့ ချန်ပီယံလိဂ်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မက်ဆီက ရပ်တည်နိုင်ခဲ့သလို အခုအခါမှာလည်း သူ့ရဲ့ အံ့အားသင့်ဖွယ် ဖရီးကစ်သွင်းဂိုးက အကောင်းဆုံးဂိုးအဖြစ် အသိအမှတ်ပြုခံခဲ့ရလို့ စိတ်ကျေနပ်စရာတော့ ဖြစ်လာခဲ့ပါတယ်။
ဂိုးသမားအယ်လစ်ဆန် ဘယ်လိုမှ လက်လှမ်းမမီအောင် မက်ဆီက တိတိကျကျနဲ့ လှလှပပ ကန်သွင်းယူခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးအတွက် ပရိသတ်တွေအားလုံးကို အံ့အားမင်သက်အောင် မက်ဆီက စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ အသင်းဟောင်းယူနိုက်တက်နဲ့ပွဲမှာ ဘိုနူချီရဲ့ ကွင်းလယ်က လှမ်းကန်တင်ပေးမှုကို အလိုက်သင့်မြေမကျဘောကန်သွင်းယူနိုင်ခဲ့ပြီး နေရာယူမှု၊ ပြေးနှုန်း၊ ဘောလုံးကျွမ်းကျင်မှုနဲ့ အဆုံးသတ်ပိုင်နိုင်မှုတွေကို ပြသနိုင်ခဲ့ပါတယ်။