မျက်လုံးကင်ဆာဖြစ်နေတဲ့ သမီးဖြစ်သူကို ကုသဖို့ ငွေမတတ်နိုင်တာကြောင့် သားအဖနှစ်ဦးလုံး စစ်ကိုင်းတံတားဟောင်းကနေ ခုန်ချမှုဇန်နဝါရီ ၂၇ ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
ကယ်ဆယ်မှုပြုလုပ်နေသည့် ပစ္စည်းများ (ဓါတ်ပုံ- အရေးပေါ်ကယ်ဆယ်ရေး-စစ်ကိုင်း)
“သူတို့ကို အခုထက်ထိ ရေငုပ်သမားသုံးယောက်နဲ့ ရှာနေတုန်းပါပဲ။ ဇန်နဝါရီ ၂၇ ရက် မနက် ၇ နာရီလောက်မှာ ခုန်ချတယ်လို့ ကြားတာပါ။ ၁၂ ခွဲလောက်မှာ ရှာဖွေရေးစတင်ပါတယ်။ ကလေးမလေးက မျက်လုံးကင်ဆာဖြစ်တယ်လို့ ကြားတယ်။ နောက်ပြီး ဦးနှောက်ကိုပါ ကူးသွားတယ်လို့ကြားတယ်။ ဇန်နဝါရီ ၂၈ ရက်နေ့မှာ ခွဲရမယ်လို့ပြောတယ်။ သူ့အဖေက ပိုက်ဆံမပြည့်တော့လို့ ပြောတယ်” လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်းမှ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက Duwun ကို ပြောပါတယ်။
အဆိုပါ သားအဖနှစ်ဦးဟာ မန္တလေးတိုင်း၊ ကန်ပတ်လမ်း၊ ဝါဆိုကျောင်းတိုက်အနီးမှာ နေထိုင်ကြတာဖြစ်ပြီးတော့ ခုန်ချခဲ့သူရဲ့ ဇနီးဖြစ်သူက ကျန်ခဲ့ပြီးတော့ မိဘနှစ်ဦးလုံးက ပိုက စက်ရုံမှာ အလုပ်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
ခုန်ချအပြီး နေ့လယ် ၁၂ နာရီမှာ စတင်ရှာဖွေခဲ့ပြီး ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်း ၁၀ နာရီ ကနေ စတင်ပြီးရှာဖွေမှုတွေလုပ်ဆောင်နေတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်းက ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက Duwun ကိုပြောပါတယ်။
တံတားပေါ်ကနေ ခုန်ချသွားတဲ့ သားအဖနှစ်ဦးမှာ ဦးစိုးမင်းသိန်းအသက် (၄၀)နှစ်နဲ့ မဖြူစင်သွယ် အသက်(၄)နှစ်တို့ ဖြစ်တယ်လို့ သိရပါတယ်။