မျက်မမြင် ဂျပန်အမျိုးသားကြီးတစ်ဦးက ပစိဖိတ်သမုဒ္ဒရာကို မရပ်မနားတမ်း ဖြတ်သန်းမှု အောင်မြင်ပြီးမြောက်ခဲ့ပြီလို့ ဖြစ်ပါတယ်။ အသက် ၅၂ နှစ်အရွယ် မစ်ဆူဟီရို အိုင်ဝါမိုတိုဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းနိုင်ခဲ့တဲ့ ပထမဆုံး မျက်မမြင်တစ်ဦးဖြစ်လာခဲ့ပါတယ်။
(အိုင်ဝါမိုတိုနှင့် ရေကြောင်းလမ်းပြ စမစ်သ်) (Photo: Reuters)
၎င်းဟာ မိုင်ပေါင်း ၈,၇၀၀ ရှိ ပစိဖိတ်သမုဒ္ဒရာ ခရီးရှည်ကို ရေကြောင်းလမ်းပြတစ်ဦးရဲ့ အကူအညီနဲ့ ရွက်လွှင့်ဖြတ်သန်းခဲ့ပါတယ်။ ရေကြောင်းလမ်းပြက လေတိုက်ခတ်ရာလမ်းကြောင်းနဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို နှုတ်အားဖြင့်သာ ပြောပေးခဲ့တာလည်း ဖြစ်ပါတယ်။
အိုင်ဝါမိုတိုက ပေ ၄၀ ရှည်တဲ့ ရွက်လှေဖြင့် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းခဲ့ပြီးနောက် စနေနေ့ (ဧပြီ ၂၀ ရက်) မနက်ပိုင်းက ဖူကူရှီးမားစီရင်စုရှိ ဆိပ်ကမ်းတစ်ခုသို့ ဆိုက်ရောက်လာခဲ့ပြီး ၂ လကြာ ခရီးရှည်ကို အဆုံးသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အိုင်ဝါမိုတိုနဲ့ အမေရိကန် ရေကြောင်းလမ်းပြ ဒေါက်စမစ်သ်တို့ဟာ ဖေဖေါ်ဝါရီ ၂၄ ရက်မှာ ကယ်လီဖိုးနီးယားကနေ စတင်ထွက်ခွာလာခဲ့ကြတာည်း ဖြစ်ပါတယ်။
(အိုင်ဝါမိုတိုရဲ့ ရွက်လှေ) (Photo: Kyodo)
မျက်မမြင်တစ်ဦးဖြစ်တဲ့ အိုင်ဝါမိုတိုဟာ ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ရန် ၂၀၁၃ ခုနှစ်မှာလည်း ကြိုးပမ်းခဲ့ဖူးပေမဲ့ ထိုစဉ်က ၎င်းရဲ့ရွက်လှေကို ဝေလငါးတစ်ကောင် ဝင်တိုက်ပြီး နစ်မြုပ်ခဲ့မှုကြောင့် မအောင်မြင်ခဲ့ပါဘူး။ ရွက်လှေနစ်မြုပ်သွားစဉ် အိုင်ဝါမိုတိုကို ဂျပန်စစ်တပ်က ကယ်ဆယ်ခဲ့ကြောင်းလည်း သိရပါတယ်။
ဖူကူရှီးမားရှိ အိုင်ဝါကီဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့ပြီးနောက် ဂျပန်သတင်းဌာန Kyodo News နဲ့ တွေ့ဆုံခဲ့ရာမှာ အိုင်ဝါမိုတိုက "ပစိတ်ဖိသမုဒ္ဒရာကိုဖြတ်သန်းဖို့ ဒုတိယအကြိမ်ကြိုးပမ်းမှု အောင်မြင်ပြီးမြောက်ခဲ့တာက အိပ်မက်တစ်ခု အမှန်ဖြစ်လာခြင်းပါပဲ" လို့ ပြောခဲ့ပါတယ်။
(၁၆ နှစ်အရွယ်မှာ မျက်စိကွယ်ခဲ့သည့် အိုင်ဝါမိုတို) (Photo: Getty Images)
"ကျွန်တော် ကမ္ဘာပေါ်မှာ အပျော်ဆုံးလူပါ" လို့လည်း အိုင်ဝါမိုတိုက ဖွင့်ဟခဲ့ပါတယ်။ အိုင်ဝါမိုတိုဟာ အသက် ၁၆ နှစ်အရွယ်မှာ အမြင်အာရုံ ဆုံးရှုံးခဲ့ရသူဖြစ်ပြီး ယခု ပစိဖိတ်သမုဒ္ဒရာဖြတ်သန်းတဲ့ ခရီးစဉ်ကိုလည်း မျက်စိကွယ်စေနိုင်တဲ့ ရောဂါများကာကွယ်ရေး ရန်ပုံငွေရရှိစေရန် ဖြစ်တယ်လို့ သိရပါတယ်။