တစ်ဖက်နိုင်ငံမှာတော့ ဒါက ထမင်းစားရေသောက်ပါပဲ။

ထွန်းအိန္ဒြာဗိုလ်ဟာ သူမရဲ့ မျက်နှာပေါ်က လိုအပ်ချက်တွေကို ခွဲစိတ်ပြုပြင်မှုတွေ လုပ်ထားတယ်လို့ ဆိုပါတယ်။ ခွဲစိတ်မှုအပြီးမှာဖြစ်ပေါ်လာတဲ့ သူမရဲ့ စိတ်ခံစားချက်တွေကို ပြောပြလာပါတယ်။

Photo: Mi Mi Khine



သရုပ်ဆောင်၊ အဆိုတော် ထွန်းအိန္ဒြာဗိုလ်ဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိတဲ့ Banobagi Plastic Surgery Clinic မှာ မျက်နှာအတွက် လိုအပ်တဲ့ ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ နေရာ ၃ နေရာအတွက် လိုအပ်တာတွေ လုပ်ခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ လောလောဆယ်တော့ ဘာ အဖြေမှ မရသေးပါဘူး။ ၄ လခွဲလောက်ကျန်သေးတယ်ဆိုတော့ အဖြေရတဲ့အချိန်မှာ ကျေနပ်မယ်လို့တော့ ထင်ပါတယ်။ ကျွန်မ ခွဲစိတ်ပြီးတဲ့နောက်ပိုင်း ပုံတင်တာတွေလည်း နည်းတယ်၊ မျက်မှန်ကြီး တစ်ကားကားနဲ့ဆိုတော့ သိပ်မပြောင်းလဲသေးဘူးလို့ထင်တယ်။ ကျွန်မ မျက်နှာက မျက်ရစ်ခွဲထားတယ်။ ပြီးတော့ မျက်နှာအသားအရေ ပြောင်းလဲအောင်လုပ်ထားတယ်။ နောက်တစ်ခုက Skincare လည်း လုပ်ပေးထားတယ်။ ဆရာမက ကျွန်မကိုကြည့်ပြီး လိုအပ်တာ ၃ ခုကို လုပ်ပေးလိုက်တာ” လို့ ဆိုပါတယ်။

Photo: Mi Mi Khine

မျက်နှာခွဲစိတ်ပြုပြင်မှုတွေကို အရမ်းထူးခြားတဲ့အရာတစ်ခုလို မသတ်မှတ်ထားတဲ့အကြောင်း ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။ ဒီလို ခွဲစိတ်မှုတွေဟာ တစ်ဖက်နိုင်ငံမှာတော့ မဆန်းကြယ်ပါဘူးလို့လည်း သူကဆိုပါတယ်။

“ဒါတွေကတော့ public figure တွေ လုပ်နေကြအလုပ်တွေ အများကြီးထဲက တစ်ခုပေါ့။ ကျွန်မတို့နိုင်ငံမှာတော့ ဒါလေးက တော်တော်လေး နည်းနေသေးတယ်။ သူများနိုင်ငံမှာတော့ ထမင်းစား၊ ရေသောက်ပဲ လူတိုင်းလုပ်နေတာ။ public figure မှ မဟုတ်ဘူး လူတိုင်းလုပ်နေတာပါ။ ကိုယ်တော့ နည်းနည်း စမ်းကြည့်တာပေါ့နော်” လို့ ပြောပါတယ်။

Photo: Mi Mi Khine

ထွန်းအိန္ဒြာဗိုလ်ဟာ သရုပ်ဆောင်အလုပ်ကို တစိုက်မတ်မတ်လုပ်ဆောင်နေတာကြောင့် သူမရဲ့ သီချင်းတွေကို နားမထောင်ရတာ တော်တော်ကြာနေပါပြီ။ ဒါပေမယ့် အခုချိန်မှာတော့ ဂီတအလုပ်နဲ့ ပတ်သက်ပြီး ပြန်လည်လုပ်ဆောင်တော့မယ်ဆိုပြီးတော့ သတင်းကောင်းလေး ပြောပြခဲ့ပါသေးတယ်။

“ အခု ကျွန်မ သီချင်းလုပ်နေပါတယ်။ သီချင်းကတော့ အွန်လိုင်းကနေ ဖြန့်မှာပါ။ Audio အရင်လွှင့်ပါမယ်၊ MTV ကတော့ သေချာရိုက်ရဦးမှာဖြစ်တဲ့အတွက် အချိန်ကတော့ ထပ်ကြာဦးမယ်။ နောက်ထပ်လည်း တစ်ပုဒ်ပြီး တစ်ပုဒ် တောက်လျှောက်သွားမယ်လို့လည်း စဉ်းစားထားပါတယ်” လို့ ဒီဇင်ဘာလ ၁၅ ရက်နေ့က စိန်နန်းတော်က ကားကံစမ်းမဲရွေးချယ်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။


ထွန်းအိန္ဒြာဗိုလ် ဟာ နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်မှာလည်း ထူးချွန်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အဲဒီနောက် ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်မှာ "နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ကိုအောင်မင်းထွန်းနဲ့ လက်ထပ်ပြီး အောင်ဗိုကောင်းသန့် ဆိုတဲ့ တစ်ဦးတည်းသော သားလေးကို ပိုင်ဆိုင်ထားပါတယ်။ သူမရဲ့ သားလေးကတော့ အနုပညာအလုပ်ကို ဝါသနာမပါဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အောင်ဗိုလ်ကောင်းသန့် က အားကစားဘက်မှာတော့ အရမ်းကို ထူးချွန်တဲ့ ကလေးတစ်ယောက်ပါပဲ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က