အများပြည်သူ သွားလာရာနေရာတွေမှာ မျက်နှာပြင်ဖတ်နည်းပညာ အသုံးပြုမှုကို ပိတ်ပင်ဖို့အရေး ဥရောပသမဂ္ဂအတွင်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
မျက်နှာပြင်ဖတ်နည်းပညာ ပိတ်ပင်ဖို့အရေး အဆိုပြုချက်အရ လုံခြုံရေးနဲ့ သုတေသနပရောဂျက်တွေအတွက် အသုံးပြုတာကလွဲပြီး အများပိုင်နေရာတွေမှာ သုံးနှစ်ကနေ ငါးနှစ်အထိ ပိတ်ပင်တားမြစ်သင့်တယ်လို့ ပါရှိကြောင်း Reuters သတင်းဌာနက ရထားတဲ့ အဆိုပြုလွှာမှာ ဖော်ပြထားပါတယ်။ စာမျက်နှာ ၁၈ မျက်နှာပါရှိတဲ့ အဆိုပြုလွှာထဲမှာ ဥရောပနိုင်ငံသားတွေရဲ့ ကိုယ်ရေးကိုယ်တာ အခွင့်အရေးများကို ကာကွယ်ဖို့ ဥပဒေသစ်တစ်ရပ် လိုအပ်တယ်လို့လည်း ပါရှိပါတယ်။
Photo: businesstimes
"လက်ရှိ လုပ်ဆောင်ချက်တွေကနေ အနာဂါတ် ဥပဒေမူဘောင်တစ်ခု ထပ်သွားသင့်ပါတယ်။ ဒီထဲမှာ အများပိုင်နေရာတွေမှာ မျက်နှာပြင်ဖတ်နည်းပညာကို ကာလအကန့်အသတ်နဲ့ ပိတ်ပင်ဖို့လည်း ပါဝင်ပါတယ်" လို့ စာထဲမှာ ဖော်ပြထားပါတယ်။ အများပိုင်နေရာတွေထဲမှာ ပန်းခြံများ ၊ ခရီးသွားများ လာရောက်သည့် နေရာများ နှင့် အားကစားကွင်းများလည်း ပါဝင်နေပါတယ်။
မျက်နှာပြင်ဖတ်နည်းပညာ သုံးစွဲမှုကို အချိန်အတိုင်းအတာတစ်ခုနဲ့ ပိတ်ပင်လိုက်တဲ့ အတောအတွင်းမှာ ဒီနည်းပညာရဲ့ သက်ရောက်မှုနဲ့ ဖြစ်နိုင်ခြေရှိတဲ့ နောက်ဆက်တွဲဘေးအန္တရာယ်စီမံအဖြေရှာခြင်းများကို အကဲဖြတ်ဖို့ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ဖန်တီးရာရောက်မယ်လို့လည်း ဆိုပါတယ်။ EU ရဲ့ ဈေးကွက်ပြိုင်ဆိုင်မှုကော်မရှင်နာ မာဂရက်ဗက်စတာဂါအနေနဲ့ သူမရဲ့ အဆိုပြုလွှာကို နောက်လထဲမှာ တင်ပြနိုင်ဖို့ ရှိပါတယ်။
Photo: Tech.co
အဆိုပြုချက်ထဲမှာ AI နည်းပညာ သုံးစွဲသူတွေနဲ့ developers များ လိုက်နာရမယ့် စည်းကမ်းတွေပါ ရေးဆွဲဖို့ တိုက်တွန်းထားပြီး ဥပဒေစည်းမျဉ်းသစ်တွေကို စောင့်ကြည့်ဖို့ ဥရောပသမဂ္ဂနိုင်ငံတွေအနေနဲ့ အာဏာပိုင်တွေ ခန့်အပ်သင့်ကြောင်းလည်း ပါရှိပါတယ်။ ကော်မရှင်အနေနဲ့ အပြီးသတ် ဆုံးဖြတ်ချက် မချခင်မှာ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး တုန့်ပြန်မှုတွေ လက်ခံသွားမှာပါ။
မကြာသေးခင်က လန်ဒန်ရဲတပ်ဖွဲ့ရဲ့ အများပြည်သူစောင့်ကြည့်ရေးအတွက် တိုက်ရိုက် Live ကြည့်နိုင်တဲ့ မျက်နှာြပင်ဖတ် နည်းပညာသုံးစွဲမှု ရပ်ဆိုင်းဖို့ နိုင်ငံရေးသမားနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ တောင်းဆိုမှု ထွက်လာပြီးနောက် ဒီအဆိုပြုချက် ထွက်လာခဲ့တာ ဖြစ်ပါတယ်။