မက္ကစီကိုနိုင်ငံ ဒူရန်ဂိုပြည်နယ်မြို့တော်မှာ ခရီးသည်တင်လေယာဉ်တစ်စီး လေဆိပ်မှပျံတက်ပြီးနောက် မကြာမီ ပျက်ကျခဲ့ရာ ခရီးသည် ၈၅ ဦး ဒဏ်ရာရခဲ့ပြီး အချို့ဟာ ဒဏ်ရာပြင်းထန်ကြောင်း သိရပါတယ်။ ဇူလိုင် ၃၁ ရက်မှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူမရှိကြောင်း အာဏာပိုင်တွေ အတည်ပြုခဲ့ပါတယ်။
Photo: ENEL_AIRE/TWITTER
ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ ရာသီဥတုဆိုးရွားမှုကြောင့် လေယာဉ်ပျက်ကျခဲ့တယ်လို့ လေဆိပ်လုပ်ငန်းများ ဆောင်ရွက်ခွင့်ရထားတဲ့ Grupo Aeroportuario Centro Norte ကုမ္ပဏီက ပြောပါတယ်။
ခရီးသည်တင်လေယာဉ်ဟာ ဇူလိုင် ၃၁ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၀၃ ဦး လိုက်ပါသွားခဲ့ကြောင်း မက္ကစီကို ဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး Gerardo Ruiz Esparza က Twitter မှာ ရေးခဲ့ပါတယ်။
Photo: AP
ခရီးသည်တင်လေယာဉ်ဟာ Aeroméxico လေကြောင်းလိုင်းမှဖြစ်ပြီး AM2431 လေကြောင်းခရီးစဉ်အဖြစ် Guadalupe Victoria အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မက္ကစီကိုမြို့ကို ပျံသန်းခဲ့စဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပျက်မှုအတွင်း ဒဏ်ရာရခဲ့သူ ၃၇ ဦးကို ဆေးရုံတင်ထားရကြောင်းလည်း သိရပါတယ်။
လေယာဉ်ဟာ လေဆိပ်မှပျံတက်ပြီးနောက် ပေါက်ကွဲသံကဲ့သို့ အသံတစ်သံကြားခဲ့ရကာ မြေပြင်ပေါ်သို့ ပျက်ကျခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူက ၎င်းကို ပြောခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Jose Rosas Aispuro က ဆိုပါတယ်။
Photo: AP
ခရီးသည်တစ်ဦးရဲ့ အဆိုအရ ပြင်းထန်တဲ့ လေစီးကြောင်းတစ်ခုက လေယာဉ်ကို ရိုက်ခတ်ခဲ့တယ်လို့ ခံစားခဲ့ရကြောင်း ဒေသခံ ရုပ်မြင်သံကြားသတင်းဌာနကို ပြောခဲ့ပါတယ်။
လယာဉ်ပျက်ကျပြီး ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကို ငြှိမ်းသတ်နိုင်ခဲ့ကြောင်းနဲ့ ခရီးသည်အများအပြားဟာ လေယာဉ်ကနေ လမ်းလျှောက်ထွက်ခွာနိုင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ လေယာဉ်ပျက်ကျမှု ဖြစ်ပြီးနောက် Guadalupe Victoria လေဆိပ်ကို ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။
Photo: AP
ယခု မတော်တဆမှုအတွက် အလွန်ဝမ်းနည်းကြောင်း Aeroméxico လေကြောင်းလိုင်းက ထုတ်ပြန်ပြောကြားခဲ့ပြီး ဘရာဇီးအခြေစိုက် Embraer လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကလည်း လေယာဉ်ပျက်ကျရာနေရာသို့ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ စေလွှတ်ထားကြောင်း ပြောပါတယ်။