အလောင်းများမြှုပ်နှံထားတဲ့ နေရာအတိအကျကို လုံခြုံရေးအရ အာဏာပိုင်တွေက ထုတ်ဖော်ပြောခြင်း မရှိပါဘူး။

မက္ကစီကိုနိုင်ငံအရှေ့ပိုင်း ဗာရာခရုဇ်ပြည်နယ်မှာ အနည်းဆုံး လူ ၁၆၆ ဦးရဲ့ ဦးခေါင်းခွံတွေကို အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ သင်္ချိုင်းတစ်ခုမှာ တွေ့ရှိခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။



Photo: CNN



ပြည်နယ်ရှေ့နေ ဂျော့ဂျ်ဝင့်ခ်လာရဲ့ ပြောကြားမှုအရ ယခုတွေ့ရှိရတဲ့ ဦးခေါင်းခွံနဲ့ အခြား ရုပ်အလောင်း အကြွင်းအကျန်တွေဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ဖြစ်တယ်လို့ သိရပါတယ်။ အလောင်းများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားမှု တွေ့ရှိရတဲ့ နေရာအတိအကျကို လုံခြုံရေးအရ ထုတ်ဖော်ပြောနိုင်ခြင်း မရှိကြောင်းလည်း ၎င်းကဆိုပါတယ်။

Photo: AFP



မူးယစ်ဆေးဝါးမှောင်ခိုသမားတွေက ဗာရာခရုဇ်ပြည်နယ်ကို ၎င်းတို့သတ်ခဲ့သူတွေကို လာရောက်မြှုပ်နှံတဲ့နေရာအဖြစ် နှစ်ပေါင်းကြာမြင့်စွာ အသုံးပြုခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ် မတ်လအတွင်းကလည်း အဆိုပါ ပြည်နယ်အတွင်းမှာပင် အခြား အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ သင်္ချိုင်းနေရာတစ်ခုကနေ လူ့ဦးခေါင်းခွံ ၂၅၀ ကို တွေ့ခဲ့ရပါတယ်။

ယခု ထပ်မံတွေ့ရှိရတဲ့ သင်္ချိုင်းနေရာမှာ အဝတ်အထည် ၂၀၀ ခန့်၊ သက်သေခံကတ်ပြား ၁၀၀ ကျော်နဲ့ အခြား လူ့အသုံးအဆောင်တွေကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

Photo: CNN



တာဝန်ရှိသူတွေက ရှာဖွေတွေ့ရှိတဲ့ ဦးခေါင်းခွံတွေကို ရေတွက်နေပြီး မြှုပ်နှံထားခဲ့တဲ့ အလောင်းအရေအတွက်ကို အတိအကျ သိရှိနိုင်ရန် ဆောင်ရွက်နေပါတယ်။ ရုပ်အလောင်းအကြွင်းအကျန်များ တွေ့ရှိရတဲ့နေရာ ဒရုန်းတွေနဲ့ မြေအောက်ကို ထွင်းဖောက်မြင်နိုင်တဲ့ ရေဒါများအသုံးပြုကာ ရှာဖွေမှုတွေ ပြုလုပ်နေကြောင်းလည်း သိရပါတယ်။

မက္ကစီကိုမှာ ပျောက်ဆုံးသွားခဲ့သူတွေရဲ့ ဆွေမျိုးသားချင်းတွေက ရှာဖွေမှုတွေ ပိုမိုပြုလုပ်ပေးရန် အစိုးရကို ကာလရှည်ကြာ တောင်းဆိုနေခဲ့ကြပါတယ်။



အင်အားကြီးတဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေကို ဖြိုခွင်နှိမ်နင်းရန်အတွက် စစ်တပ်ကို ချထားခဲ့တဲ့ ၂၀၀၆ ခုနှစ်မှစပြီး မက္ကစီကိုမှာ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက်မှုတွေ မြင့်တက်ဖြစ်ပွားလာခဲ့ပါတယ်။

ထိုအချိန်မှစပြီး မူးယစ်ဆေးဝါးနဲ့ဆက်နွယ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ယမန်နှစ်အတွင်း လူ ၂၈,၇၀၂ ဦး စံချိန်တင် သေဆုံးခဲ့မှု အပါအဝင် စုစုပေါင်း လူ ၂၀၀,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

မက္ကစီကိုမှာ လူ ၃၇,၀၀၀ ပျောက်ဆုံးနေကြောင်း တိုင်ကြားထားမှုတွေလည်း ရှိနေပါတယ်။ သေဆုံးသူနဲ့ ပျောက်ဆုံးနေသူတွေအနက် မူးယစ်ဆေးဝါးဂိုဏ်းဝင်တွေ ပါဝင်သလို ဂိုဏ်းဝင်ဖြစ်ရန် ငြင်းဆန်ပြီး အမေရိကန်ကို ရွှေ့ပြောင်းရန်ကြိုးပမ်းသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က