တံတိုင်းဆောက်လုပ်မှုဟာ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်ခဲ့စဉ် ထရန့်ရဲ့ အဓိက ကတိကဝတ် ဖြစ်ပါတယ်။

မက္ကစီကိုနဲ့ အမေရိကန်နယ်စပ်မှာ တံတိုင်းဆောက်လုပ်ရန်အတွက် အရေးပေါ်အခြေအနေ အခွင့်အာဏာကို အသုံးပြုသွားမယ်လို့ သမ္မတဒေါ်နယ်ထရန့်က အတည်ပြုလိုက်ကြောင်း သိရပါတယ်။ နယ်စပ်တံတိုင်းဆောက်လုပ်မှုဟာ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း ထရန့်ရဲ့ အဓိက ကတိကဝတ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

(အမေရိကန်နဲ့မက္ကစီကို နယ်စပ်တံတိုင်း) (Photo: APt)

ဒီမိုကရက်တစ်တွေကတော့ နယ်စပ်တံတိုင်းဆောက်လုပ်ရန်အတွက် ထရန့်ရဲ့ ယခုလုပ်ဆောင်မှုဟာ အာဏာအလွဲသုံးစားပြုခြင်း ဖြစ်တယ်လို့ ပြောထားပါတယ်။ မူးယစ်ဆေးဝါးများ ဝင်ရောက်လာမှုနဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားနေမှုတို့ကြောင့် အမေရိကန်-မက္ကစီကိုနယ်စပ်မှာ အရေးပေါ်အခြေအနေအဖြစ် သမ္မတထရန့်က ဖေဖေါ်ဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။



ထိုသို့ ထုတ်ပြန်ကြေညာခြင်းဖြင့် တံတိုင်းတည်ဆောက်ရန်အတွက် ဘဏ္ဍာငွေကို သမ္မတထရန့်က အရေးပေါ်အခြေအနေ အခွင့်အာဏာအရ ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီမိုကရက်တစ်တွေက ထရန့်ရဲ့လုပ်ရပ်ဟာ ဥပဒေနဲ့မညီတဲ့ အာဏာလုယူမှုတစ်ခု ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: AFP)

အမေရိကန်လွှတ်တော်က မက္ကစီကိုနဲ့နယ်စပ်မှာ တံတိုင်းတည်ဆောက်ရေးအတွက် ဘတ်ဂျက်ချပေးရန် ငြင်းပယ်ခဲ့ပြီးနောက် သမ္မတထရန့်က အရေးပေါ်အခြေအနေ ကြေညာခဲ့လည်း ဖြစ်ပါတယ်။ ထရန့်ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ဒီမိုကရက်တစ်တို့က တရားရုံးမှာ ဥပဒေကြောင်းအရ အရေးဆိုသွားမယ်လို့ ချက်ချင်း တုံ့ပြန်ပြောကြားခဲ့ပါတယ်။

အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းဖြင့် ထရန့်အနေနဲ့ တံတိုင်းတည်ဆောက်ရေးစီမံကိန်းအတွက် ဒေါ်လာဘီလီယံနဲ့ချီ သုံးစွဲခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။ သမ္မတထရန့်က အိမ်ဖြူတော် Rose Garden မှာ ထုတ်ပြန်ကြေညာခဲ့မှုအတွင်း အရေးပေါ်အခြေအနေအရ ၎င်းအနေနဲ့ တံတိုင်းတည်ဆောက်ရန် ဒေါ်လာ ၈ ဘီလီယံ ရရှိမယ်လို့လည်း ပြောခဲ့ပါတယ်။

(အမေရိကန်သို့ ဝင်ရောက်ရန်ကြိုးပမ်းကြသူများ) (Photo: AP)

အဆိုပါ ဘဏ္ဍာငွေကို စစ်ဘက်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှု နှိမ်နင်းရေးတို့မှာ သုံးစွဲသွားမယ်လို့ ဆိုပါတယ်။ ယခု ရရှိလာမယ့် ဘဏ္ဍာငွေပမာဏဟာ မိုင်ပေါင်း ၂,၀၀၀ နီးပါး ရှည်လျားတဲ့ အမေရိကန်-မက္ကစီကို နယ်စပ်တစ်လျှောက် တံတိုင်းတည်ဆောက်ရေး ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၂၃ ဘီလီယံနဲ့ သိသွာစွာ ကွာဟနေဆဲဖြစ်ကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

"ကျွန်တော်တို့ နိုင်ငံရဲ့တောင်ပိုင်းနယ်စပ်မှာ နိုင်ငံတော်လုံခြုံရေး အကျပ်ဆိုက်နေတာကို ရင်ဆိုင်ဖြေရှင်းသွားတော့မှာပါ၊ အဲဒီနယ်စပ်မှာ မူးယစ်ေးဆးဝါးတွေ ဝင်လာတယ်၊ လူဆိုးဂိုဏ်းတွေ ကျူးကျော်လာတယ်၊ လူတွေ တရားမဝင် ဝင်ရောက်လာတယ်၊ ဒါက လက်မခံနိုင်စရာ မရှိပါဘူး၊ အဲဒီ တံတိုင်းက အလုပ်ဖြစ်တယ်ဆိုတာ လူတိုင်း သိပါတယ်" လို့ သမ္မတထရန့်က ပြောခဲ့ပါတယ်။

၎င်းရဲ့ ယခုလုပ်ဆောင်မှုအတွက် ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းရမယ့် အခြေအနေကို လက်ခံထားကြောင်းလည်း ထရန့်က ဆိုပါတယ်။ အရေးပေါ်အခြေအနေ ကြေညာမှုအတွက် ဥပဒေကြောင်းအရ ဖြေရှင်းရမှုဟာ တရားရုံးချုပ်အထိ ရောက်ရှိနိုင်တာလည်း ဖြစ်ပါတယ်။ သမ္မတထရန့်က အမေရိကန်-မက္ကစီကိုနယ်စပ်မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ပြီး နာရီပိုင်းအကြာမှာပင် ပထမဆုံး ဥပဒေကြောင်းအရ အရေးဆိုကန့်ကွက်မှု ရှိလာခဲ့ကြောင်းလည်း သိရပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအုပ်စုတစ်ခုနဲ့ တက္ကဆက်ပြည်နယ်မှ မြေပိုင်ရှင်သုံးဦးတို့ ကိုယ်စား Public Citizen အဖွဲ့အစည်းက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ နယ်စပ်တံတိုင်းကို ၎င်းတို့ ပိုင်ဆိုင်တဲ့မြေပေါ်မှာ ဆောက်လုပ်သွားဖွယ်ရှိနေတယ်လို့ တက္ကဆက်မြေပိုင်ရှင် သုံးဦးက ပြောခဲ့ကြပါတယ်။ မက္ကစီကိုနဲ့နယ်စပ်မှာ တံတိုင်းတည်ဆောက်ရေးကိစ္စနဲ့ ဆက်စပ်ပြီး အမေရိကန်အစိုးရယန္တရား တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းရမှုလည်း ၃၅ ရက်ကြာ ဖြစ်ခဲ့သေးကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က