မျက်တောင်ဆက်တာဟာ ဘယ်လိုလူတွေ ဆက်သင့်တာလဲ၊ မျက်တောင်ဆက်ရင် ဘယ်လိုအလှတရားမျိုးကို ပိုင်ဆိုင်နိုင်မှာလဲ။

ခုခေတ်မှာ ခေတ်စားနေတဲ့အရာတွေထဲမှာ မျက်တောင်ဆက်တာကလည်း တစ်ခုအပါအဝင်ဖြစ်နေပါတယ်၊ မျက်တောင်ဆက်ဖူးတဲ့သူတွေအတွက်တော့ သိပ်မထူးခြားပေမယ့်လည်း မျက်တောင်မဆက်ဖူးတဲ့သူတွေအတွက်တော့ မျက်တောင်ဆက်တာဟာ ဘယ်လိုဆိုးကျိုးတွေ ရမှာလဲ၊ ဘယ်လောက် တာရှည်ခံမှာလဲ၊ ဘယ်လိုထိန်းသိမ်းရမှာလဲ စသဖြင့် စိတ်ဝင်တစား မေးခွန်းတွေ အများကြီးရှိနေပါတယ်၊ စိတ်ဝင်စားပေမယ့်လည်း သေချာမသိသေးလို့ မျက်တောင်ဆက်ဖို့ မရဲကြတဲ့ သူတွေအတွက် မျက်တောင်ဆက်ခြင်းအကြောင်း တစေ့တစောင်းကို ပြောပြပေးချင်ပါတယ်။

မျက်တောင်ဆက်ခြင်း လေးမျိုး

မျက်တောင်ဆက်တာဟာ ယေဘုယျအားဖြင့် လေးမျိုးရှိပါတယ်။ Normal Look , Sexy Look, Cute Look နဲ့ Gorgeous Look ဆိုပြီး လေးမျိုးရှိပါတယ်၊ Normal Look ကတော့ ကိုယ်လိုချင်တဲ့ ဆိုဒ်ကို တပြေးညီတစ်ညီတည်း ဆက်တဲ့ Look မျိုးဖြစ်ပါတယ်။  Sexy Look ကတော့ မျက်လုံးရဲ့ ဘေးဘက်ကို အစွယ်လေး ရှည်ထွက်အောင် ဆက်တဲ့ Look မျိုးဖြစ်ပါတယ်။ Cute Look ကတော့ ယပ်တောင်ပုံ ဝိုင်းဝိုင်းလေးဆက်တာဖြစ်ပြီး မျက်လုံးဝိုင်းဝိုင်းလေး ဖြစ်သွားတဲ့ Look မျိုးဖြစ်ပါတယ်၊ ဒီ Look တွေကိုပဲ 2D , 3D , 4D ဆိုပြီး ထပ်ခွဲထားပါသေးတယ်၊ တချို့ အခေါ်ကတော့ Classic , Hybrid နဲ့ Volume ဆိုပြီး ခေါ်ဝေါ်ကြပါသေးတယ်၊

မျက်တောင်ရဲ့ သက်တမ်း

ပုံမှန်မျက်တောင်အစစ်ရဲ့ သက်တမ်းဟာ ၂၈ ရက်ဖြစ်ပါတယ်။ မျက်တောင်တစ်ခုဟာ ရှည်ထွက်လာပြီး ၂၈ ရက်အကြာမှာတော့ ကျွတ်သွားတာဖြစ်ပါတယ်၊ ကျွတ်သွားတဲ့ အချိန်မှာမှ မျက်ခမ်းစပ်ကနေ မျက်တောင်တိုလေးတွေ ပြန်ပေါက်လာပြီး နောက်ထပ် ၂၈ ရက် ရှည်လာပြီးတဲ့နောက် သက်တမ်းကုန်တဲ့အခါ ပြန်ကျွတ်ထွက်သွားတာမျိုးဖြစ်ပါတယ်။

မျက်တောင်ဆက်ခြင်းရဲ့ သက်တမ်း

မျက်တောင်ဆက်တဲ့သူက ကျွမ်းကျင်ပညာရှင်ဖြစ်ပြီး နည်းစနစ်မှန်ကန်စွာ မျက်တောင်ဆက်မယ်ဆိုရင်၊ မျက်တောင်ဆက်ထားတဲ့သူကလည်း သေချာစွာ မျက်တောင်ကို ထိန်းသိမ်းထားမယ်ဆိုရင် မျက်တောင်ဆက်ခြင်းရဲ့ သက်တမ်းဟာ တစ်လခွဲ ရှည်ကြာပါတယ်။ 

မျက်တောင်ဆက်ထားတဲ့ ညီမလေးကတော့ သူ့ရဲ့ အတွေ့အကြုံကို Duwun ကို ခုလို ဝေမျှပါတယ်။

"မျက်တောင်ဆက်တဲ့အခါကျတော့ မျက်တောင်လေးတွေက ရှည်ရှည်နက်နက်လေးတွေနဲ့ မျက်လုံးလေးက ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ ခံစားရတယ်။ မျက်တောင်မရှိတဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ် သိပ်မလှသလိုပဲ ၊ မျက်တောင်ဆက်ထားတဲ့အခါကျ မိတ်ကပ်မလိမ်းထားရင်တောင် ကိုယ့်ကိုယ်ကိုယ် လှနေတယ်လို့ ခံစားရတယ်။"

မျက်တောင်ဆက်ထားခြင်းရဲ့ ဆိုးကျိုး

မျက်တောင်ဆက်ထားတဲ့သူတွေ ကြုံတွေ့ရမယ့် ဆိုးကျိုးကတော့ မျက်တောင်ဆက်ပေးသူ နဲ့ မျက်တောင် ဆက်ခံရတဲ့သူတွေနဲ့ပဲ သက်ဆိုင်ပါတယ်၊ မျက်တောင်ဆက်ပေးသူဟာ နည်းစနစ်မမှန်ကန်ခဲ့ဘူးဆိုရင်၊ မျက်တောင်ကို ပူးကပ်စွာ ဆက်ပေးလိုက်မယ်ဆိုရင်၊ စဆက်စဥ်ကတည်းက ပုံမှန်နည်းစနစ်တကျ မလုပ်ခဲ့ဘူးဆိုရင် မျက်တောင်ဟာ ဘယ်လိုမှ အဆင်ပြေနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလိုပါပဲ၊ မျက်တောင်ဆက်ခံထားတဲ့သူက သေချာ ထိန်းသိမ်းမထားဘဲ မျက်တောင်ကို အရမ်းပွတ်တာ ၊ ဖိတာမျိုး ၊ ဆွဲနှုတ်လိုက်တာမျိုး လုပ်မိမယ်ဆိုရင်လည်း မျက်တောင်ကျွတ်ထွက်တာ၊ မျက်တောင်ပျက်စီးတာ၊ မျက်လုံး ထိခိုက်တာတွေ ဖြစ်ပွားစေတတ်ပါတယ်။

မျက်တောင်ဆက်ထားတဲ့ Makeup Artist ဇင်နိုဗယ်ကလည်း သူ့ရဲ့ ခံစားချက်ကို Duwun ကို ခုလိုပြောပါတယ်။

"မျက်တောင်ဆက်ထားတဲ့အချိန်မှာဆိုရင် ကိုယ့်ရဲ့ မျက်တောင်လေးတွေက ထူထူထဲထဲ ရှည်ရှည်လေးတွေနဲ့ ပိုပြီး လှတယ်လို့ ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိတယ်။ အဓိကကကတော့ မျက်ဝန်းထဲမှာ အသက်ပါနေသလိုမျိုး၊ စကားပြောရင် အကုန်လုံးရဲ့ အကြည့်တွေက ကိုယ့်ဆီမှာပဲ ရောက်နေသလိုမျိုး၊ အဲဒီလိုမျိုး ပိုပြီးခံစားရတယ်။ ဒါပေမယ့် မျက်တောင် မဆက်ထားရင် တစ်ခုခုပျောက်သွားသလိုမျိုးခံစားရတယ်။ ကိုယ့်မျက်လုံးကလည်း အားမရှိသလို ၊ နေမကောင်းတော့သလိုလို အဲဒီလိုမျိုး ခံစားရတယ်။"

လူတွေအသိလွဲနေတဲ့ မျက်တောင်ဆက်ခြင်း

လူတွေက မျက်တောင်ဆက်မယ်ဆိုရင် ကိုယ့်ရဲ့ မျက်တောင်တွေကို နှုတ်ပစ်လိုက်မှာလား၊ မျက်တောင်တွေ ကျွတ်သွားတော့မှာလားလို့ ထင်နေတတ်ကြပါတယ်။ တကယ်တမ်းတော့ မျက်တောင်အစစ်ရဲ့ သက်တမ်းဟာလည်း ၂၈ ရက်ပဲ ရှိတာဖြစ်တဲ့အတွက် မျက်တောင်ရဲ့ သူ့ပုံမှန်လည်ပတ်နေကျအတိုင်း လည်ပတ်နေတာဖြစ်လို့ နည်းစနစ်မှန်ကန်တဲ့ Stylist နဲ့ မျက်တောင်ဆက်တာ၊ ကိုယ့်မျက်တောင်ကို သေချာ ထိန်းသိမ်းတာတွေ လုပ်မယ်ဆိုရင် မျက်တောင်အတွက် မျက်လုံးအတွက် ထိခိုက်နစ်နာမှုတွေ မရှိနိုင်တော့ပါဘူး။ 

Eyelash Stylist တစ်ဦးဖြစ်တဲ့ Able Phyo ကတော့ ဘယ်လိုလူမျိုးတွေမှာ မျက်တောင်ဆက်သင့်သလဲဆိုတာကို Duwun ကို ခုလိုပြောပြပါတယ်။ 

“မျက်တောင်ဆက်တာကတော့ ဘယ်လိုလူမျိုးမဆို၊ ဘယ်လိုမျက်လုံးအိမ်မဆို မျက်တောင်ဆက်လို့ ရနိုင်ပါတယ်။ မျက်တောင်ဆက်တဲ့ မျက်လုံးအလှ နဲ့ ပုံမှန် မျက်လုံးမျက်တောင် ကောင်းတဲ့သူတစ်ယောက်ရဲ့ မျက်လုံးအလှ ဘယ်လိုမှ မတူဘူး၊ မျက်တောင်ဆက်လို့ လှသွားတဲ့ အလှက တစ်မျိုးလေး။ မျက်တောင်ဆက်တဲ့ ကောင်းကျိုးကတော့ ပုံမှန် နေ့စဥ်ရုံးသွားတဲ့သူတွေဆိုရင် မျက်တောင် တုတပ်တတ်ကြတယ်၊ မျက်တောင်တပ်မှ အဆင်ပြေတာ မတပ်ထားရင် အဆင်မပြေဘူးဆိုတဲ့ သူမျိုးတွေကျတော့ ဆက်ထားတာကောင်းတယ်။ မျက်တောင်အတုကို နေ့စဥ်တပ်နေရတဲ့သူတွေကျတော့ ကိုယ့်မျက်တောင်စစ်ပျက်ဆီးတာတို့ မျက်ခမ်းစပ်ထိတာတို့ ဖြစ်တတ်တယ်။ မျက်တောင်ဆက်လိုက်ရင် ဒါမျိုးပြဿနာတွေ မရှိတော့ဘူး။ ဆက်ထားလိုက်တော့ တစ်လခွဲထိကို ကိုယ့်မျက်လုံးလေးက လှနေပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိတယ်။ တချို့က ၆လထိခံတယ်လို့ ကြေညာတတ်ကြတယ်။ တကယ်သာနည်းစနစ်မှန်မှန်ကန်ကန်နဲ့ ဆက်မယ်ဆိုရင် တစ်လခွဲခံတာပါ။ ၆လတော့ မခံပါဘူး။ ဆိုးကျိုးကတော့ နည်းစနစ်ပေါ် မူတည်သွားတာပေါ့။ သူ့ရဲ့ ဆက်တဲ့ နည်းစနစ်မှားနေရင်တော့ ဆိုးကျိုးဖြစ်နိုင်တယ်၊ ဒါကတော့ ဆက်တဲ့သူက Eyelash extension stylist ဘက်က ဘာကို သတိထားရမလဲဆိုတော့ ဧည့်သည်ရဲ့ မျက်တောင်မွှေးနဲ့ ခံနိုင်တဲ့ မျက်တောင်ကို ဆက်ရမယ်။ နည်းစနစ်မှားတာတို့ ၊ အသားကို ထိသွားတာတို့၊ တစ်ပင်နဲ့တစ်ပင် လုံးထွေးသွားတာတို့ဆိုရင်တော့ အဆင်မပြေဘူး၊ ဧည့်သည်ဘက်က ဘယ်လောက် ထိန်းသိမ်းပါစေ သူတို့ ဘက်က ဒီလို လုပ်လိုက်ပြီဆိုရင် ဧည့်သည်က မနေတတ်ဘူး။ မနေတတ်တော့ ပွတ်လိုက်တာတို့ ၊ ဆွဲဖြုတ်လိုက်တာတို့ လုပ်လိုက်မိပြီဆိုရင် မျက်တောင်တွေ ထိခိုက်တယ်၊ ဧည့်သည်ဘက်က ထိန်းသိမ်းရမှာကတော့ အရမ်းဖိမပွတ်ဖို့ နဲ့ ဆွဲမနှုတ်လိုက်ဖို့ ဂရုစိုက်သင့်ပါတယ်။ သူတို့ အဲဒါကို ထိန်းသိမ်းမယ်ဆိုရင်တော့ ဆိုးကျိုးတွေ မရှိတော့ဘူးပေါ့။ ခုခေတ်မှာ eyelash extension က တော်တော်လေး ခေတ်စားလာပြီ ဖြစ်တဲ့အတွက် တော်တော်လေး ဆိုးကျိုး မခံစားရဘူး ။ ဆက်ပေးတဲ့ သူဘက်က နည်းစနစ်မှန်ဖို့လိုတယ်။ အဆက်ခံတဲ့သူဘက်ကလည်း ဒီမျက်တောင်ကို ထိန်းသိမ်းနိုင်ဖို့ပဲ လိုအပ်ပါတယ်။ အဲဒီ နှစ်ခုကို နှစ်ဦးနှစ်ဖက်က ထိန်းသိမ်းလိုက်မယ်ဆိုရင် ဘာဆိုးကျိုးမှ မရှိတော့ဘူး။”

မျက်တောင်ဆက်ခြင်းရဲ့ ဈေးနှုန်းတွေ

မျက်တောင်ဆက်ချင်တဲ့သူတွေအနေနဲ့ ဈေးနှုန်းတွေလည်း သိချင်ကြမယ်လို့ ထင်ပါတယ်။ မျက်တောင်ဆက်ခြင်းရဲ့ ဈေးနှုန်းတွေကတော့ နှစ်သောင်းကနေ လေးသောင်းအထိပဲ ကျသင့်တာဖြစ်လို့ ဈေးနှုန်းအားဖြင့်လည်း အရမ်းကြီး ကျသင့်တာမျိုး မဟုတ်တဲ့အတွက် မျက်တောင်ဆက်ချင်သူတိုင်းအတွက် အဆင်ပြေပါတယ်။

ခုဆိုရင်တော့ မျက်တောင်ဆက်ခြင်းအကြောင်းကော ထိန်းသိမ်းရမယ့်အကြောင်းတွေနဲ့အတူ ဈေးနှုန်းတွေကိုပါ သိပြီးကြပြီဖြစ်လို့ မျက်တောင်ဆက်ဖို့ စိတ်ကူးရှိတယ်ဆိုရင် နည်းစနစ်မှန်ကန်တဲ့ ကျွမ်းကျင်ပညာရှင်ဆီမှာ မျက်တောင်ဆက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အားလုံးပဲ ဆထက်ထမ်းပိုး လှပနိုင်ကြပါစေ။ 

 

Share

Loading Next Article...
က္က