ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

မကွေးဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးနေတဲ့ အသက် (၂၇) အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့်တော့မဟုတ်ဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Photo- သံသယလူနာအချို့ထားရှိသည့် ဝေဘာဂီဆေးရုံကို တွေ့ရစဉ်။



ဆေးရုံတက်ရောက်ကုသနေစဉ်အတွင်း လူနာဟာ နာတာရှည် အရေပြားလေးဖက်နာရောဂါ ဆိုးဝါးလာခဲ့ပြီး လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေနဲ့ သွေးဆိပ်တက်ခြင်းတို့ကြောင့် သေဆုံးသွားခဲ့ရတာလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံကနေ (၃) နှစ်လောက်အလုပ်လုပ်ပြီး လွန်ခဲ့တဲ့ (၂) လလောက်က မှ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ကို ပြန်ရောက်လာခဲ့တဲ့ အမျိုးသမီးဟာ ဖျားနာ၊အသက်ရှုကြပ်၊ မောတဲ့ ရောဂါလက္ခဏာတွေ ခံစားခဲ့ရပြီး တောင်တွင်းကြီးဆေးရုံကနေ မကွေးဆေးရုံကြီးကို ဖေဖော်ဝါရီ (၉) ရက် မနက်ပိုင်းက လွှဲပြောင်း ကုသမှုခံယူနေခဲ့တာပါ။

လူနာဟာ နာတာရှည် အရေပြားလေးဖက်နာဖြစ်ပွားနေတာ (၃) နှစ်လောက်ရှီနေပြီး ထိုင်းနိုင်ငံမှာ နေစဉ်ကလည်း အဲဒီရောဂါနဲ့ ဆေးရုံတက်ရောက်ကုသခဲ့ဖူးတယ်လို့သိရပါတယ်။

ဆေးရုံကို ရောက်ချိန်မှာလည်း သွေးပေါင်ချိန်တွေ ကျဆင်းနေပြီး လတ်တလော ပြင်းထန် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ တွေ့ခဲ့ရတာကြောင့် ဆေးကုသမှု ပေးနေစဉ် ဖေဖော်ဝါရီ (၉) ရက် မနက် ၁၁ နာရီ လောက်က သေဆုံးသွားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဒါ့အပြင် စင်ကာပူကနေ ပြန်လာတဲ့ တောင်ဒဂုံမြို့နယ်နေ အမျိုးသမီးတစ်ဦးမှာလည်း စင်ကာပူမှာ နေထိုင်စဉ်အတွင်း ကိုရိုနာဗိုင်းရပ်စ် သံသယရှိလူနာတစ်ဦးနဲ့ အနီးကပ်ထိတွေ့ခဲ့တာကြောင့် အဆိုပါ အမျိုးသမီးကို ဝေဘာဂီဆေးရုံမှာ စောင့်ကြည်ကုသမှုပေးနေခဲ့တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၉ ရက်နေ့ အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သံသယလူနာ (၁၃) ဦးရှိနေပြီး သူတို့ကို သက်ဆိုင်ရာဆေးရုံတွေမှာ စောင့်ကြည့်ကုသမှုပေးနေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က