ဒီကနေ့ မေလ ၃ရက်နေ့မှာပဲ ဆေးရုံက ဆင်းခွင့်ရတာဖြစ်ပြီး နောက်ထပ်တစ်ပတ်လောက်သီးသန့် Quarantine ဝင်ပြီးရင်တော့ အိမ်ပြန်ခွင့်ပြုနိုင်ပြီလို့လည်း သိရပါတယ်။
မကွေးမြို့ရဲ့ တစ်ဦးတည်းသော COVID-19 ရောဂါပိုး ကူးစက်ခံထားရသူလူနာနံပါတ် ၅၃ကို ၃ကြိမ်ဆက် ဆေးစစ်ရာ ရောဂါပိုးမတွေ့တော့သဖြင့် ဒီကနေ့ မေလ ၃ရက် နေ့မှာပဲ ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီလို့ မကွေးမြို့မြို့သစ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေက Duwunကိုပြောပါတယ်။
အတည်ပြုလူနာ နံပါတ် ၅၃က ထိုင်းပြန်အမျိုးသားတစ်ဦးဖြစ်ပြီး ပြန်လည်ရောက်ရှိလာချိန်ကတည်းက ရွာကို မပြန်ပဲ အသိစိတ်ဓာတ်နဲ့ မြို့သစ်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Quarantine နေရာကို တိုက်ရိုက်လာရောက်ပြီး Quarantine ဝင်ခဲ့တယ်လို့လည်းသိရပါတယ်။
“သူ့ကို ဆရာဝန်ကြီးကိုယ်တိုင်က ဆေးရုံက ဆင်းခွင့် ဒီနေ့ မနက်ပဲ ပြုလိုက်လို့ ကျွန်တော်တို့ ကားတွေနဲ့ သွား ခေါ်နေပါပြီ။ သူ့ကို ၃ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိရတဲ့အတွက် ဆေးရုံကဆင်းခွင့်ပြုတာလို့လည်းသိရပါတယ်။ ဆေးရုံက ဆင်းခွင့်ပြုလိုက်ပေမယ့် နောက်ထပ်တစ်ပတ်လည်း သီးသန့် စောင့်ကြည့်ဖို့လည်း ဆရာဝန်ကြီးက မှာထားပါတယ်။ဒါကြောင့် သူ့ကို သီးသန့် တစ်ပတ်လောက်ထားဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။”လို့ ဦးသန်းဆွေက ပြောပါတယ်။
ရောဂါပိုးပျောက်ကင်းသွားသူကိုတော့ မြို့သစ်မှာရှိတဲ့ ကွာရန်တီးနေရာကို ပြန်လည်မခေါ်ဆောင်သေးပဲ ဆေးရုံမှာ သီးခြားဆောက်ထားတဲ့သီးသန့်အခန်းတစ်ခန်းမှာပဲ တစ်ပတ်ခန့်နေစေပြီးမှ နေအိမ်ကိုပြန်ဖို့ စီစဥ်ပေးနေတယ်လို့ လည်းသိရပါတယ်။
“သူ့ကို ဆေးရုံမှာ ရှိတဲ့ အခန်းတစ်ခန်းမှာသီးသန့်ဆက်ထားဖို့ တိုင်းဒေသကြီး အစိုးရက လူမှုရေးဝန်ကြီးထံကနေ ခွင့်ပြုချက်တောင်းနေပါတယ်။ကွာရန်တီးနေရာမှာကျတော့ အခြား Qဝင်နေတဲ့အဖွဲ့တွေကလည်း အများကြီး ရှိနေ သေးတဲ့အတွက် မထားဖို့လုပ်တာပါ။”လို့ ဦးသန်းဆွေက ဆက်လက်ပြောပါတယ်။
လက်ရှိ လူနာနံပါတ် ၅၃ကတော့ အနည်းငယ် ကိုယ်ရည်စစ်သွားတာကလွဲပြီး ကျန်းမာရေးကောင်းမွန်တယ်လို့လည်း သိရပါတယ်။
အခုလို ရောဂါပိုး မတွေ့ရှိတော့လို့ ဆေးရုံက ဆင်းခွင့်ရပြီဖြစ်တာကြောင့် မကွေးမြို့မှာ ရောဂါပိုးကူးစက်ထားသူ တစ်ဦးမျှမရှိတော့ပါဘူး။