ဂိတ်အားလုံးမှာ ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်နေတာပါ။

COVID 19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်းမှာ စစ်ဆေးရေးဂိတ် (၂၉)ဂိတ်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

မကွေးတိုင်းက ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်တာကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း အခုလို စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်တာဖြစ်တယ်လို့ ဆိုပါတယ်။ 

“ အဓိက ကတော့ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်တဲ့သဘောပါ။ မကွေးတိုင်းက ရခိုင်နဲ့လည်း ထိစပ်နေတော့ အဝင်ဂိတ်တွေကို ပိတ်ဆို့စစ်ဆေးတာပါ။ အားလုံးစုစုပေါင်း ဂိတ်(၂၉)ဂိတ်ရှိတယ်။ ဂိတ်တိုင်းမှာ တာဝန်ကျတဲ့ ရဲတပ်ဖွဲ့တွေ၊ မီးသတ်တွေ့နဲ့ တာဝန်ရှိအဖွဲ့အစည်းတွေက အလှည့်ကျ အဝင်ဂိတ်တွေကို ပိတ်ဆို့ပြီး စစ်ဆေးမှုတွေလုပ်ဆောင်လျှက်ရှိတယ်” လို့ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေက Duwun ကို ပြောပါတယ်။ 

ဂိတ်တွေမှာ ပိတ်ဆို့စစ်ရေးရာမှာ ရခိုင်ဘက်က အဝင်မှန်သမျှ ခွင့်ပြုမထားဘဲ ဆိုင်ကယ်နဲ့ လာလို့ ရနိုင်တဲ့ နေရာတွေကို စတင်ပိတ်ဆို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။ 

ရခိုင်ဘက်က လာတဲ့ ခရီးတွေကို အဝင်ပိတ်ဆို့ထားပေမယ့် ကုန်စည်စီးဆင်းမှု လုပ်ငန်းတွေကိုတော့ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က လက်ရှိအချိန်မှာ ကိုဗစ်ဒုတိယလှိုင်းကို ခံစားနေရတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နေ့စဉ်ပြည်တွင်းကူးစက်လူနာအရေအတွက် တိုးလျှက်ရှိနေပါတယ်။

သြဂုတ်လ (၁၆) ရက်နေ့ကစပြီး ဒီကနေ့ မနက်ပိုင်းအထိ တစ်ပတ်အတွင်း ပြည်တွင်းကူးစက်လူနာ (၇၂)ဦးထိရှိလာခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ ရန်ကုန်ကကျန်းမာရေးဝန်ထမ်းတွေ ရခိုင်ပြည်နယ်ကိုသွားရောက်ကာ ကုသရေးလုပ်ငန်းတွေသွားရောက်ကူညီဆောင်ရွက်ပေးလျှက်ရှိနေသလို ရခိုင်ပြည်နယ်ကနေ တခြားတိုင်းနဲ့ ပြည်နယ်များကို ဝင်ရောက်သူများအားလည်း Quarantine (၂၁)ရက်ထားရှိကာ ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ဆောင်လျှက်ရှိပါတယ်။





Share

Loading Next Article...
က္က